ပေါင်းလောင်းကွင်းပြန်ရရေး ဆန္ဒပြရန် စီစဉ်နေ

ပေါင်းလောင်းကွင်းပြန်ရရေး ဆန္ဒပြရန် စီစဉ်နေ

နေပြည်တော်အက်ဖ်စီ အားကစားကွင်းကို ပေါင်းလောင်းအားကစားပြိုင်ကွင်းအဖြစ် ပြန်လည်
ရရှိရေးကို နေပြည်တော်အက်ဖ်စီဘက်မှ ညှိုနှိုင်းဆောင်ရွက်ခြင်း မပြုပါက ဆန္ဒဖော်ထုတ်ပြီး
ပြန်လည်ရရှိအောင် တောင်းဆိုသွားမည်ဟု ပျဉ်းမနားမြို့သူ၊ မြို့သားများက ပြောသည်။

နေပြည်တော် အက်ဖ်စီအသင်းသည် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က အားကစားဝန်ကြီးဌာန၊
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် နေပြည်တော်ဘောလုံးအဖွဲ့တို့နှင့် ပေါင်းလောင်းအားကစားကွင်း
ငှားရမ်းခြင်းကို သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

မြို့သူမြို့သားများ တည်ထောင်ခဲ့သည့် ပေါင်းလောင်းအားကစားပြိုင်ကွင်းသည် ဇူလိုင် ရ ရက်နေ့
တွင် ၄၁ နှစ်ပြည့်မည်ဟု သိရသည်။

ကစားကွင်း စတင် တည်ထောင်ခဲ့စဉ်ကတည်းက အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ
ကစားခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်အထိ မည်သည့် အဖွဲ့အစည်း၊
မည်သည့်အစိုးရကိုမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိကြောင်း အားကစားသမားဟောင်းလည်း
ဖြစ်ကာ ကစားကွင်း ပြန်လည်ရရှိရေးကို ဦးဆောင် ဆောင်ရွက်နေသည့် ပေါင်းလောင်းကစားကွင်း
ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဝင် ဦးကျော်မင်းဟန်က ပြောသည်။

"ဒီအချိန်မှာတော့ ငြိမ်မနေတော့ဘူး။ စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုတွေလည်း နေပြည်တော်ကောင်စီ
အပါအဝင် အားလုံးက ညှိပေးနေတာ ထူးခြားမှု မရှိဘူး။ ဒီတော့ နေပြည်တော်အက်ဖ်စီအသင်း
တာဝန်ရှိသူ လာပြီး ညှိနှိုင်းမှုဆောင်ရွက်ခြင်း မရှိဘူးဆိုတော့ ပျဉ်းမနားမြို့သားအများစုရဲ့
လက်မှတ်နဲ့ သမ္မတကြီးရဲ့ နေပြည်တော်ကောင်စီသက်ဆိုင်ရာအဆင့်ဆင့်ကို ဒီတစ်ပတ်အတွင်း
အသနားခံစာထပ်တင်မယ်။ ဒါမှဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မရှိဘူးဆို၊ ဆန္ဒဖော်ထုတ်ခွင့်
တင်ပြီး ဆန္ဒဖော်ထုတ်သွားမယ်။ ဒါကဒီလဆန်းပိုင်းအတွင်း အပြီးလုပ်သွားမှာပါ။ နိုင်ငံပိုင်ဆိုတဲ့
စကားလုံးတော့ ဒီနေရာမှာ သိပ်မသင့်လျော်ဘူး"ဟု ဦးကျော်မင်းဟန်က ပြောသည်။

အားကစားကွင်း ပြန်လည်ရရှိရေး ဒေသခံများ၏ လက်မှတ် ၁,၀၀၀ ကျော်ရရှိထားသည်။

အားကစားကွင်းအား အား/ကာ ၀န်ကြီးဌာနထံမှ သုံးနှစ်ငှားရမ်းခ ကင်းလွတ်ခွင့်၊ တစ်လ
ကျပ်သိန်း ၃၀ ဖြင့်နှစ်ပေါင်း ၃၀ ငှားရမ်းခွင့်ရရှိပြီးနောက် မြို့ခံကစားသမားများ၊ ရပ်ကွက်အသင်း
ကစားပွဲများ ၀င်ရောက်ကစားခြင်းကို ကန့်သတ်လိုက်သည်ဟု မြို့နယ်ကစားသမား၊ မြို့ခံ
ကစားသမားများက ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းများကိုလည်း မြို့မိ၊ မြို့ဖအားကစားကွင်း တာဝန်ရှိသူများထံသို့
အကြောင်းကြား အသိပေးခြင်း တစ်စုံတစ်ရာ မရှိခဲ့ဟု သိရသည်။

ထိုအချိန်က အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင့်ဆန်းက တာဝန်
ထမ်းဆောင်ချိန် ဖြစ်သည်။

နေပြည်တော်ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းလောင်းအားကစားပြိုင်ကွင်းပိုင်
မြို့မိမြို့ဖ အားကစားသမားဟောင်းများ ပါ၀င်သည့် စေ့စပ်ညှိနှိုင်းမှု ခြောက်ကြိမ်တိုင်တိုင် ပြုလုပ်ပြီး
ဖြစ်သည်။

ပျဉ်းမနားမြို့၏ အမျိုးသားလွှတ်တော် အမတ် ဦးမှတ်ကြီးကလည်း ပေါင်းလောင်းအားကစားကွင်း
ကို မြို့မိမြို့ဖများလက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ်ရှိ/ မရှိကို ဇွန်လ ၁၈ က
လွှတ်တော်တွင် မေးမြန်းခဲ့သည်ကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က
ယခင်ချုပ်ဆိုခဲ့သည့်အတိုင်း ပြန်လည်ပေးအပ်မည် မဟုတ်ဟု ပြန်ကြားခဲ့သည်။

နိုင်ငံပိုင် နေပြည်တော်၊ ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်းကို အထက်ပါ ငှားရမ်းစာချုပ်
ဖြင့်ငှားရမ်းကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စီမံမှုဖြင့် အငှားချထားခြင်းခံရသူ နေပြည်တော်
အက်ဖ်စီဘောလုံးအသင်းက လေ့ကျင့်ခြင်း နှင့် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး
ဒေသအာဏာပိုင်၏ ကြီးကြပ် မှု/ခွင့်ပြုမှုတို့ဖြင့် ဒေသဆိုင်ရာ အားကစား ပြိုင်ပွဲများ၊ အားကစား
၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနဆိုင်ရာ အားကစားပွဲများနှင့် ဘောလုံးပွဲများကို နေပြည်တော်အက်ဖ်စီ ဘောလုံးပြိုင်ပွဲများ
နှင့် တိုက်ဆိုင်မှု မရှိလျှင် လိုအပ်သလိုအခမဲ့ သုံးစွဲခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် အခြားကွင်းများ အသုံးပြုရန် မရနိုင်ပါက လေ့ကျင့်ရန်အတွက်ကိုလည်း ခွင့်ပြုမည်
ဖြစ်ကြောင်း ဦးတင့်ဆန်းက ပြန်လည်ဖြေကြားခဲ့သည်။

"အိမ်ရှင်က အိမ်ငှားဆီကို ပြန်ခွင့်တောင်းရမယ့်ပုံ ဖြစ်နေပြီ။ မြို့ခံလူငယ် ကစားသမားလေးတွေကို
ဒီကွင်းပြင်စရိတ်က တစ်နေ့ သုံးသိန်း လောက်ရှိတယ်လို့ ပြောခံရပြီး ကစားခွင့်တွေလည်း
မရခဲ့ကြပါဘူး။ ကိုယ်တွေဘက်က တတ်နိုင်သလောက် လိုက်လျောထားတယ်။ အိမ်ရှင်ကွင်း
အဖြစ် ကစားနိုင်တယ်။ ဒါပေမဲ့ ကွင်းပိုင်ဆိုတဲ့ အနေတော့ မရဘူး။ ပေါင်းလောင်းကစားကွင်းသာ
ဖြစ်တယ်။ ကိုယ်တွေလေ့ကျင့်ဖို့ ကွင်းကိုလည်း ဒီကွင်းထက် မနိမ့်တဲ့ အဆင့်ရှိ ကွင်းဆို
လက်ခံပါမယ်။ အချက် ခြောက်ချက်ပါ တောင်းဆိုချက်ကိုလည်း တင်ပြထားပြီးသားပါ"ဟု
ဦးကျော်မင်းဟန် ကပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး