ပြည်ထောင်စုဝန်ကြီးတစ်ဦးကို နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားချိန်
တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအထိ အရေးယူနိုင်ရန် လိုအပ်သော ပြဋ္ဌာန်းချက်များ
ပြင်ဆင်ထည့်သွင်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်းအား လွှတ်တော်နှစ်ခုက အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပေးပို့လာသော အဆိုပါဥပဒေကြမ်းကို
ဇူလိုင် ၄ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ထပ်မံအတည်
ပြုလိုက်ခြင်း ဖြစ်သည်။
"ပြည်ထောင်စု ၀န်ကြီးတစ်ဦးကို အရေးယူဆောင်ရွက်ဖို့ ကိုယ်တိုင်ကမှ ပြည်ထောင်စုအဆင့်
မရှိဘူးဆိုရင် လုံလောက်တဲ့အရေး ယူဆောင်ရွက်မှုလုပ်ဖို့ တော်တော်လေးအားနည်းမယ်"ဟု
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီမှ ဒေါက်တာမြတ်ညဏစိုးက အဆိုပါနေ့တွင်
ပြောသည်။
မူလရှိနှင့်ပြီးဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က
၂၀၁၃ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းသည်။
ယခင်ဥပဒေတွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား
ပြည်ထောင်စုအဆင့် သတ်မှတ်ပြဋ္ဌာန်းထားခဲ့ခြင်း မရှိကြောင်း နှင့် ကော်မရှင်အဖွဲ၏ ဥက္ကဋ္ဌ၊
အတွင်းရေး မှူးနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စု ၀န်ကြီးအဆင့်၊ ဒုတိယဝန်ကြီးအဆင့်များ
ရှိနေရန်အတွက် လွှတ်တော်က တည့်မတ်ပေးလိုက်သည့် သဘောမျိုးပင်ဖြစ်ကြောင်း
ဒေါက်တာမြတ်ညဏစိုးက ပြောသည်။
"တိုင်ကြားလာတဲ့အထဲမှာ ပြည်ထောင်စု အဆင့်ဝင် ပုဂိုလ်တွေရဲ့ အလွဲသုံးစားမှုတွေ၊ အဂတိ
လိုက်စားမှုတွေလည်း ပါလာနိုင်တယ်။ အဲဒီလိုပါလာနိုင်တဲ့အခါမှာ ဒီဟာကို တာဝန်ယူ
ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ဒီအဆင့်မရှိဘူးဆိုရင် ဆောင်ရွက်ရတဲ့အခါမှာ
အခက်အခဲရှိနိုင်တယ်"ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
အဂတိလိုက်စားမှုများအား အမှန်တကယ် တိုက်ဖျက်လိုလျှင် ကော်မရှင်အား လုပ်ပိုင်ခွင့်အာဏာ
အပြည့်အဝပေးသင့်ကြောင်းလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက
ပြောသည်။
လက်ရှိဖွဲ့စည်းထားသော ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများအား
အရေးယူဆောင်ရွက်ခြင်းမျိုး မတွေ့ရသေးကြောင်း၊ နောက်ထပ် တစ်နှစ်ခန့် စောင့်ကြည့်ရမည်
ဖြစ်သကဲ့သို့ လွှတ်တော်နှင့် ပြည်သူများကပါ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်
နှစ်ဦးစလုံးက ပြောကြားသည်။
နိုင်ငံတကာပွင့်လင်းမြင်သာရေးအဖွဲ့ ၏ နှစ်စဉ်ထုတ်ပြန်သောအစီရင်ခံစာများအရ မြန်မာနိုင်ငံသည်
လာဘ်ပေးလာဘ်ယူမှုအဖြစ်အများဆုံး နိုင်ငံများတွင် ထိပ်တန်း ၁၀ နိုင်ငံစာရင်းဝင်ဖြစ်နေသည်။
အဂတိ လိုက်စားမှုများအား ဖော်ထုတ်အရေးယူမည်ဟု အစိုးရက ပြောကြားထားသော်လည်း
လက်တွေ့ ဆောင်ရွက်နေမှုများမှာ ပွင့်လင်းမြင်သာမှု မရှိသလို အငြင်းပွားဖွယ်များလည်း
ဖြစ်ပေါ်နေသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးသိန်းထွန်းနှင့် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိများအား ၂၀၁၃ ခုနှစ်၊
ဇန်နဝါရီလအတွင်းက အကျင့်ပျက်ချစားသည်ဟုဆိုကာ ရာထူးမှ ဖယ်ရှားပြီး အမှုဖွင့်စစ်ဆေး
အရေးယူမှုများ ဆောင်ရွက်ခဲ့သည်ဆိုသော်လည်း ယခုအချိန်အထိ စုံစမ်းစစ်ဆေးဆဲဟုဆိုကာ
မည်သည့်အရေးယူမှုများမှ မရှိသေးသည်ကို တွေ့ရသည်။
သို့သော် မကြာသေးမီကမူ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို
နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် ရာထူးမှ ဖယ်ရှားကာ ဖမ်းဆီးတရား စွဲဆိုခဲ့သော်လည်း
အခြားတစ်ဖက်တွင်မူ သမ္မတ၏ အမိန့်ညွှန်ကြားချက်များကို မလိုက်နာသဖြင့် အရေးယူခံရခြင်း
ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က
ပြောကြားခဲ့သည်။
"ကျွန်တော့်မှာ အပြစ်မရှိဘူး။ သာသနာ့ဝန်ထမ်းလုပ်ခဲ့တာ။ ကောင်းမှုကုသိုလ်တွေပဲ လုပ်ခဲ့တာပါ။
မဟုတ်တာ မလုပ်ခဲ့ပါဘူး။ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိခဲ့ပါဘူး။ ကျွန်တော့်
ရပ်တည်ချက်မှန် ကန်သော်လည်းပဲ သမ္မတအမိန့် မနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာပါ"ဟု
ဦးဆန်းဆင့် က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ
၃ ရက်နေ့ က တရားရုံးထုတ်စစ်ဆေးစဉ် မီဒီယာများအား ပြောကြားခဲ့သည်။
ဦးဆန်းဆင့်ကို နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးမှုဖြင့် နေပြည်တော်ဥတ္တရသီရိမြို့ နယ်၊
ဘုရားကုန်းရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/၁၀၉ တို့ဖြင့် အမူဖွင့်ခဲ့ခြင်းဖြစ်ကာ
ဇူလိုင်လ ၁၇ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်သည်။

















