နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ နယ် အရှေ့ချမ်းဒေသရှိ အေးချမ်းသာအုပ်စုမှ
ဒေသခံပြည်သူများက ၎င်းတို့ ကုန်စည်ကူး သန်းရာနှင့် သွားရေးလာရေးတွင် အတားအဆီး
ဖြစ်နေသော စစ်တောင်းမြစ်ကိုဖြတ်သန်းရန် တံတားတစ်စင်းအား ကိုယ့်အားကိုယ်ကိုးဖြင့်
တည်ဆောက်လျက်ရှိသည်။
အဆိုပါတံတားအတွက် လွှတ်တော်ကိုယ်စားလှယ်များက စီမံခန့်ခွဲ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ
ခေါင်းစဉ်အောက်မှ ရန်ပုံငွေ မရရှိခဲ့သကဲ့သို့ အခြားသော ဒေသအာဏာပိုင်များ၏ အထောက်အပံ့
အကူအညီများလည်း မရရှိခဲ့ကြောင်း တံတားဖြစ်မြောက်ရေးလုပ်ငန်းတွင် ပါ၀င်လုပ်ကိုင်နေသူ
ဒေသခံတစ်ဦးက ပြောသည်။
"အားလုံးကိုယ့်အားကိုယ်ကိုးပဲ။ ဒီ ငါးရွာအုပ်စုမှာ လိုက်ပြီးအလှူခံတယ်။ နောက်ပြီး ဒီဒေသနဲ့
စီးပွားရေးအရဆက်နွယ်နေတဲ့ မြို့ပေါ်က လုပ်ငန်းရှင်တွေဆီမှာ အလှူခံတယ်"ဟု ၎င်းက
ပြောသည်။
တံတားအတွက် ဒေသခံများက ငွေကြေး ထည့်ဝင်လှူဒါန်းမှုများအပြင် အခြားလိုအပ်သည့်
ပစ္စည်းများကို ပေးလှူကြကြောင်း တံတားဖြစ်မြောက်ရေး ဦးဆောင်ဦးရွက်ပြုသူ
အေးချမ်းသာကျေးရွာမှ ဦးကိုညိုက ပြောသည်။
တံတားတည်ဆောက်ရေး လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ တံတားမှာ အရှည်
ပေ ၈၀၀ ကျော်ရှိပြီး အမြင့် ၁၀ ပေကျော်ရှိကာ လူ၊ စက်ဘီးနှင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်မည်
ဖြစ်သည်။
"တံတားက အရင်ခန့်မှန်းထားတုန်းကတော့ ကျပ်သိန်း ၅၀ ကျော်လောက်ကုန်မယ်လို့ ထင်ထား
တာ။ ဒါပေမဲ့ တကယ်လုပ်လိုက်တော့ လောလောဆယ်သိန်း ၈၀ ကျော် ကုန်နေပြီ။ ဒါပေမဲ့
လှူမယ့် လူတော့ရှိနေပါတယ်"ဟု ဦးကိုအေးက ဆိုသည်။
စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၌ နေထိုင်ကြသော ၎င်းတို့အတွက် စိုက်ပျိုးရေးထွက်ကုန်များ
ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် လည်းကောင်း၊ မြို့ပေါ်မှစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း
များအား ဒေသသို့သယ်ယူတင်သွင်းရာတွင်လည်းကောင်း ငွေကုန်ကြေကျများခြင်း၊ အချိန်ကြ့ံကြာ
ခြင်းများကို ရင်ဆိုင်နေရကြောင်း ဒေသခံ ဦးစံဝင်းက ပြောသည်။
"ဒီဒေသရဲ့ ပထဝီအနေအထား အားနည်းချက်တွေထဲမှာ မြစ်ခံနေတာက အဓိက အကျဆုံးပဲ။
ဒီမြစ်ကြီးခံနေတဲ့အတွက် ဘာသီးနှံပဲထွက် ထွက်သူများတွေလို ဈေးကောင်း မရဘူး။
သယ်ယူစရိတ်ရယ်၊ ကူးတို့ခပေးရတာရယ်နဲ့ ပြန်တွက်ရင် သီးနှံတစ်တင်းကို မြို့ ပေါ်အရောက်
တန်ဖိုးရဲ့ လေးပုံတစ်ပုံလောက် အမြဲတမ်းနစ်နာတယ်"ဟု ၎င်းက ပြောသည်။
အေးချမ်းသာအုပ်စုတွင် အောင်ချမ်းသာ၊ လက်ပန်တန်း၊ ညောင်ပင်သာ၊ အုတ်ဖိုဇောင်းကျေးရွာများ
ပါ၀င်နေပြီး စုစုပေါင်း ငါးရွာဖြင့် ဖွဲ့စည်းထားကာ စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ အစေ့ထုတ် ပြောင်းစသည့်
စိုက်ပျိုးရေးထွက်ကုန်များ အဓိကထွက်ရှိကြောင်း အောင်ချမ်းသာကျေးရွာမှ ကိုမျိုးဝင်းက
ပြောသည်။
















