နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် အရှေ့ခြမ်းရှိ ဒေသခံပြည်သူများက
ကျပ်သိန်း ၂၀၀ ခန့်အကုန်အကျခံကာ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ဖွင့်လှစ်လိုက်သည့်
စစ်တောင်းမြစ်ကူး သစ်သားတံတားကို နောက်ပိုင်းပြုပြင်ထိန်းသိမ်းရေးအတွက် နေပြည်တော်
ကောင်စီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင်၊
လယ်ဝေးမြို့နယ်တာဝန်ခံ ဦးမြင့်ဆွေက ပြောသည်။
မြစ်ကူးတံတားသည်သစ်သားတံတားဖြစ်သောကြောင့် မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်လာလျှင်
ရေနှင့်အတူ မျောပါလာသော အမှိုက်များ၊ သစ်ပင်များကြောင့် ပျက်ဆီးရန် စိုးရိမ်ရကြောင်း၊
ထို့ကြောင့်ထိုကဲ့သို့ဖြစ် ပေါ်လာလျှင် ပြန်လည်ပြုပြင်ရန်အတွက် ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့
ဖြစ်သော ၎င်းတို့ အနေဖြင့် တာဝန်ယူပေးမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ကကျင်းပသော
အဆိုပါ တံတားဖွင့်ပွဲအခမ်းအနားတွင် ဦးမြင့်ဆွေက ပြောသည်။
စုစုပေါင်း အရှည်ပေ ၈၀၀ ကျော်ရှိပြီး၊ အကျယ် ခြောက်ပေ ရှိသည့် အဆိုပါတံတားအတွက်
ကျပ်သိန်း ၁၉၀ နှင့် နှစ်သောင်း ကုန်ကျခဲ့ကြောင်း တံတားဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး
ဦးကိုညိုက မြန်မာတိုင်း(မ်)သို့ပြောသည်။
"ဒါကဒေသခံတွေရဲ့ လုပ်အားတွေ မပါသေးဘူး။ နောက်ပြီး သစ်လှူတာတွေ၊ ၀ါးလှူတာတွေ၊
သံနဲ့ ထမင်းဟင်း ဒါနပြုတာတွေ မပါသေးဘူး"ဟု ၎င်းကပြောသည်။
















