နေပြည်တော်ပြည်သူ့ဆေးရုံ၌ ငွေကြေး လိမ်လည်တောင်းခံမှုကို အမှုဖွင့်ထား

နေပြည်တော်ပြည်သူ့ဆေးရုံ၌ ငွေကြေး လိမ်လည်တောင်းခံမှုကို အမှုဖွင့်ထား

နေပြည်တော်ကောင်စီနယ်မြေ၊ ခုတင် ၁,၀၀၀ ပြည်သူ့ဆေးရုံ၌ ပုံစံတူ ငွေကြေးလိမ်လည်
တောင်းခံမှုများ ငါးကြိမ်ထက် မနည်းဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာတရားရုံးတွင်
အမှုဖွင့်ထားကြောင်းသိရသည်။

ဥသျှစ်ကုန်းကျေးရွာနေ လူနာဦးမြင့်ဝေ သည် ဇူလိုင် ၈ ရက်နေ့ နေ့လယ်တွင် ဆေးရုံ၌ အရေးပေါ်
ခွဲစိတ်ကုသမှုအပြီး အထူးကြပ်မတ်ဆောင်တွင် ကုသနေစဉ် ဇူလိုင် ၉ ရက် နေ့တွင် ဗိုလ်ကြီးဆိုသူ
တစ်ဦးက ဆရာဝန်ကြီးအား ကန်တော့ရန်ဟုပြောပြီး လူနာ စောင့်များထံက ကျပ်တစ်သိန်းခွဲကို
လာရောက် လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု လူနာစောင့် ဦးမောင်သန်းက ပြောသည်။

"ကိုယ်တွေမှာ တောင်သူတွေ။ မရှိတဲ့ကြားထဲက လာခဲ့ကြရတာ။ ကိုယ်တွေရဲ့ ရွာအကြောင်း
ကိုလည်း အပ်ကျမပ်ချ ပြော နိုင်တော့ ယုံလိုက်မိပြီး ကန်တော့လိုက်ရင် ပိုဂရုစိုက်ခံရမယ်၊
ရက်တိုတိုနဲ့ ဆေးရုံဆင်း နိုင်မယ်ထင်ပြီး လိုက်သွားမိတာ။ ကိုယ့်ကို ထားသွားပြီး ပြန်မလာတော့မှ
အလိမ်ခံလိုက်ရပြီဆိုတာ သိတယ်။ စိတ်မကောင်းတာဘဲရှိတယ်၊ ဘာမှမပြောချင်တော့ဘူး။
ဆေးရုံမှာတော့ ကုန်ကျစရိတ်တော်တော် နည်းပါတယ်။ ဆေးနည်းနည်းပဲ ၀ယ်ရတာရှိတယ်"ဟု
ဦးမောင်သန်းက ပြောသည်။

ခုတင် ၁,၀၀၀ ပြည်သူ့ဆေးရုံတွင် ထိုကဲ့သို့ လိမ်လည်မှုမျိုး ၂၀၁၃ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီး
ယခုဖြစ်စဉ်အတွက် အမှတ်(၃)ရဲ စခန်းတွင် အမှုဖွင့်ထားသည်။

"အရင်ကတော့ အလုပ်တွေလည်း အရမ်းများနေကြတယ်။ သတိပေးနှိုးဆော်စာလည်း
ကပ်ထားတယ်ဆိုပြီး နေခဲ့ကြတာ။ ဒီတစ်ကြိမ်မှာတော့ နာမည်တပ်ပြီး တောင်းတာအထိကို
လုပ်လာတဲ့အတွက် အမှုဖွင့်လိုက်တာပါ"ဟု ခွဲစိတ်အထူးကုဆောင်(၁)မှ အထွေအထွေ
ခွဲစိတ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ နော်မာသေးက ပြောသည်။

လိမ်လည်သူက လူနာရှင်ကို ခေါ်ဆောင်ခဲ့ပြီး သပြေကုန်း၊ ဇီဝကဆေးဆိုင်ခန်းများအနီး၌
ဆရာဝန်ကြီးများကိုအတွက် ပစ္စည်းသွားရောက် ၀ယ်ယူရန်ဟု ဆိုကာ ကျပ်တစ်သိန်းခွဲ
ယူဆောင်ပြီး လူနာရှင်ကို ချန်ရစ်ထားခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအကြိမ် လိမ်လည်မှုများ ဖြစ်ပွားအပြီး ဆေးရုံရှိဌာနအသီးသီးတွင် ဆေးရုံအုပ်ကြီးက
ဌာနတိုင်းတွင် 'လူလိမ်လူညာများရှိနေပါသဖြင့် လူနာများ၏ အရေးကိစ္စများကို သိရှိလိုပါက
ဆရာဝန်ကြီးများထံ ကိုယ်တိုင်တိုက်ရိုက်ဆွေးနွေးပါ။ ကြားလူလိမ်များ ငွေလိမ်ညာယူနေ၍
အထူးသတိပြုပါရန်' ဟု သတိပေးစာများဖြင့် သတိပေးထားသည်။

"လူလိမ်က လူနာရှင်တွေရဲ့ ရိုးသားမှု၊ နုံအမှုကို အခွင့်ကောင်းယူပြီး လုပ်ခဲ့တာပါ။ နောက်ပြီး
ဆရာဝန်၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို သက်သက်ညှိးနွမ်းအောင် လုပ်တယ်လို့ ယူဆမိတယ်။
ဒီလိုလုပ်ရအောင်လည်း ကျွန်မတို့က လူနာတွေဆီကနေ ဦးတိုက်ရမယ်၊ ဂါရဝပြုရမယ်လို့
အစဉ်အလာ မရှိခဲ့ဘူး။ ကျွန်မ ဒီဆေးရုံမှာ ၂၀၀၆ ခုနှစ်ကတည်းကနေ ခုချိန်ထိ အလုပ်
လုပ်ခဲ့တာမှာ ဒီလိုလုပ်မှဆိုတာ မရှိခဲ့တော့ ပိုပြီး စိတ်ဆိုးမိတယ်" ဟု ဒေါက်တာနော်မာသေး
က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး