နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ကျေးရွာများမှ နာရေးကိစ္စများ ပေါ်ပေါက်လာ
ပါက ကူညီရန် ကိုယ်ချင်းစာ တရားနှင့် ဖွဲ့စည်းထားသည့် ပေးဆပ်သူများ နာရေးကူညီမှုအသင်း
(နေပြည်တော်)၏ စုပေါင်းသွေးလှူဒါန်းပွဲကို ဇူလိုင်လ ၂၆ ရက် နေ့က နေပြည်တော်ရှိ
ခုတင် ၁,၀၀၀ ပြည်သူ့ ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသွေးလှူဒါန်းပွဲတွင် အသင်းဝင် ၄၈ ဦးက လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်း အနေဖြင့်
ယခုအကြိမ် အပါအဝင် ဒုတိယအကြိမ် သွေးလှူဒါန်းခြင်းဖြစ်သည်။
"အခုလို သွေးလှူတာက ကျွန်တော်တို့ အသင်းထောင်ထားတာ နှစ်နှစ်ပြည့်တဲ့ နှစ်ပတ်လည်
အထိမ်းအမှတ်အတွက် ဆေးရုံ မှာလာပြီး လှူကြတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဇူလိုင်လထဲမှာပဲ
တစ်ခါလှူပြီးသွားပြီ။ ဒါက ဒုတိယအကြိမ်ပါ"ဟုအသင်း နာယက ဦးအေးကိုက ပြောသည်။
ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့တွင်လည်း အသင်း၏ နှစ်နှစ်ပြည့် အလှူအဖြစ် ပုပ္ပသီရိမြို့ရှိ
တောင်နီလေး ပရဟိတကျောင်းတိုက်၌ မိဘမဲ့ကလေး ၃၀၀ ကျော်ကို ဆန်အိတ်၊ ဆီနှင့်
ကျောင်းသား အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်သည်။
နှစ်နှစ်အတွင်း အသင်းဝင်အင်အား ၁,၀၀၀ ခန့် ရှိနေပြီဖြစ်သည့် ပေးဆပ်သူများ
နာရေးကူညီမှုအသင်းကို အစိုးရဝန်ထမ်းအများစုဖြင့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က
ဖွဲ့စည်းခဲ့သည်။
















