နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ ရှိ သံဃာ့ဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး)၌
လိုအပ်လျက်ရှိသည့် မျက်စိခွဲစိတ် စက်ပစ္စည်းများကို သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရက ဇူလိုင်လ ၂၇ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပြီး ဩဂုတ်လ
၁၀ ရက်မှ စတင်ခါ အာယုဒါန မျက်စိ ကုသရေးအဖွဲ့မှ ဆရာဝန်ကြီးများက ပျဉ်းမနား
သံဃာဆေးရုံ၌ အလှည့်ကျ အခမဲ့ လာရောက်ကုသပေးမည်ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၈၀,၁၂၄ တန်ဖိုးရှိ မျက်စိခွဲစိတ် စက်ပစ္စည်းများကို လှူဒါန်းထားပြီး
မျက်စိခွဲစိတ်ခန်းကို ဩဂုတ် ၄ ရက်နေ့တွင် အပြီးသတ်ပြင်ဆင်မည်ဖြစ်ကာ သီတဂူဆရာတော်
ကိုယ်တိုင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
"သံဃာ့ဆေးရုံက မျက်စိခွဲစိတ်ခန်းမှာ သီတဂူရဲ့ ဆရာဝန်ကြီးတွေ၊ နိုင်ငံခြားက မျက်စိအထူးကု
တွေ အလှည့်ကျ လာရောက် ကုသပေးမှာဖြစ်ပါတယ်။ ခွဲစိတ်ခနဲ့ ပတ်သက်ပြီး အခမဲ့ခွဲစိတ်
ကုသပေးသွားမှာပါ"ဟု သီတဂူအာယုဒါန မျက်စိကုသရေးအလှူတော်အဖွဲ့မှ အထွေထွေ
အတွင်းရေးမှူးချုပ် သီတဂူဦးဟန်က စက်ပစ္စည်းများပေးအပ် လှူဒါန်းစဉ် ပြောသည်။
မျက်စိ ခွဲစိတ်ကုသမှုခံယူရန် လူနာပေါင်း ၈၀၀ ကျော် စာရင်းပေးထားပြီး ဖြစ်ကြောင်းသိရသည်။
"လိုအပ်ချက်တွေလည်း ရှိနေသေးတဲ့ ဆေးရုံကြီးမှာ ဆရာတော်ကြီးက ခွဲစိတ်ပစ္စည်းတင်မက
ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ပါ လာရောက်ကုသပေးမှာဖြစ်တဲ့အတွက် စကားလုံးရှာမရအောင်ကို
အတိုင်းမသိ ၀မ်းသာမိပါတယ်"ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း(ပျဉ်းမနား)မှ
ဒေါက်တာ ပေါ်မြင့်ဦးက ပြောသည်။
ယခုပြန်လည်ဖွင့်လှစ်ထားသည့် သံဃာ့ဆေးရုံကြီးသည် သံဃာများကိုသာ ဇီဝိတဒါနကုသိုလ်ဖြင့်
ကုသပေးမည်ဖြစ်ပြီး ပြည်သူများကို ကုသစရိတ်အနည်းငယ်ကို ပြန်လည်ကောက်ခံသွားနိုင်ရေးကို
သံဃာ့ဆေးရုံအဖွဲ့ဝင်၊ ကော်မတီဝင်များ ဆွေးနွေးတိုင်ပင်လျက်ရှိသည်။
ထိုကဲ့သို့ ကောက်ခံရခြင်းသည် သံဃာ့ဆေးရုံကြီး ရေရှည်လည်ပတ်နိုင်ရေးအတွက်
အနည်းငယ်သော ကုသစရိတ်ကို ကောက်ခံခြင်းဖြစ်သည်ဟု ဆရာဝန်ကြီးများကပြောသည်။
သံဃာ့ဆေးရုံကြီးကို ယခင်ဆေးရုံဟောင်းအစား ခြောက်ထပ် သံဃာ့ဆေးရုံအဖြစ်
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၏ ရွှေမိသားစုဖောင်ဒေးရှင်းမှ ကမကထပြု၍ နေပြည်တော်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ မြို့မိမြို့ဖများ၏
အလှူတော်ငွေတို့နှင့် ACE ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ပြီး ပြီးခဲ့သည့် မေလတွင်
ဖွင့်လှစ်ခဲ့သည်။
ဆေးရုံကြီး၌ ဆရာဝန် လိုအပ်ချက်များ ရှိနေခြင်း၊ အမြဲတမ်းဆရာဝန်များ ထားရှိနိုင်ရေးနှင့်
လိုအပ်သည်များကို နေပြည်တော် ကောင်စီ၏ လမ်းညွှန်မှု၊ ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံ
လမ်းညွှန်မှုတို့နှင့် ဆောင်ရွက်နေသည်။
သီတဂူ အာယုဒါန မျက်စိကုသရေး အဖွဲ့သည် မြန်မာနိုင်ငံအနှံ့ရှိ သီတဂူမျက်စိ ခွဲစိတ်ကုသသည့်
ဆေးရုံ ၂၅ ရုံ ဖွင့်လှစ် ကုသပေးလျက်ရှိသည်။
















