နေပြည်တော် ကောင်စီနယ်မြေ၌ ယခုနှစ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍
အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ယာဉ်တိုက်မှုဖြစ်ပွားသည့်နှုန်းမှာ
လျော့နည်းလာခြင်း မရှိသေးဟု နေပြည်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ
ဥက္ကဋ္ဌ ဦးစောလှက ဇူလိုင်လ ၃၁ ရက်နေ့က ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့်
ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
"ယာဉ်ထိန်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးနဲ့ ကညနတို့ ပူးပေါင်းပြီး တော့ စာသင်ကျောင်းတွေ၊
ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ပညာပေးတယ်၊ အဓိကကျတဲ့ ယာဉ်မောင်းတွေကိုလည်း
ပညာပေးတာတွေလုပ်ပါတယ်၊ သို့သော်လည်းပဲ ယာဉ်မတော်တဆမှု လျော့နည်းသွားလား
ဆိုတော့ မလျော့နည်းပါဘူး" ၎င်းက ပြောသည်။
ထို့ကြောင့် ယာဉ်မောင်းများကို ယာဉ်စည်းကမ်းလိုက်နာနိုင်အောင် အရေးယူသည့်အပိုင်းကိုလည်း
ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုသည်ဟု ဦးစောလှက ပြောသည်။
"တကယ်လို့ အရေးယူတော့ ယူတယ်၊ အရေးယူမှု အားနည်းတယ်ဆိုရင်၊ နောက်ပြီး
စည်းကမ်းမဲ့သူက တရားရုံးမှာ ရင်ဆိုင်ပြီး ငွေဒဏ်ဆောင်လိုက်လို့ အခြားပြစ်ဒဏ် ကျမခံရဘူး
ဆိုရင် ကြောက်မှာမဟုတ်ဘူး၊ ဒါကြောင့် ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်"ဟု ၎င်းက
ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် ယခုနှစ် ခြောက်လအတွင်း ယာဉ်မတော် တဆမှု ၁၇၄ မှု၊
ဒဏ်ရာရသူ ၁၈၃ ဦးနှင့် သေဆုံးသူဦးရေ ၂၉ ဦးရှိပြီး စည်းကမ်းမဲ့ယာဉ် ၁,၁၃၁ စီးကို
အရေးယူထားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာဉ်မတော်တဆဖြစ်မှု အများဆုံးမှာ လက်လုပ်
လက်စားများနှင့် တောင်သူ လယ်သမားများဖြစ်ကြသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် ပညာပေးရုံဖြင့် မပြီးသေးပဲ စစ်ဆေးကြပ်မတ်
ရန်လည်း လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။
ယခုအခါ သက်ဆိုင်ရာဌာနအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသည့် ယာဉ်မောင်းများကို
ရာသက်ပန် လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်။
















