ဂျပန်နိုင်ငံရှိ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်ကောင်စီ
နယ်မြေ၌ အမေရိကန်ဒေါ်လာ လေးသန်းတန် အအေးခန်းစက်ရုံ တစ်ရုံ ရင်းနှီးမြှုပ်နှံ
တည်ဆောက်ပြီး ဒေသခံတောင်သူများနှင့် အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သွားမည်
ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က
ပြောသည်။
အဆိုပါကုမ္ပဏီသည် ပိန်းဥစိုက်ပျိုး ထုတ်လုပ်ရေးတွင် တောင်သူများနှင့် အဓိကပူးပေါင်း လုပ်ကိုင်
သွားဖွယ်ရှိကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ နေပြည်တော်မှာ အရင်ဆုံး ပိန်းဥ၊ ကန်စွန်းဥကို စားသောက်ကုန် ထုတ်လုပ်တဲ့
အထိ အေးခဲစက်ရုံဆောက်ပါမယ်၊ အေးခဲပြီးတော့ အဆင်သင့် စားသောက်ကုန်အနေနဲ့
နိုင်ငံခြားကို တင်ပို့ပါမယ်"ဟု ရင်းနှီးမြှုပ်နှံမည့် ဂျပန်နိုင်ငံ 'ကျောကာဖု' ကုမ္ပဏီ၏ မန်နေဂျင်း
ဒါရိုက်တာ မစ်တာယာမအိရှိက ပြောသည်။
၎င်းတို့အနေဖြင့် စက်ရုံတည်ဆောက်ပြီး လုပ်ငန်း စတင်လျှင် ကုန်ကြမ်း အလုံအလောက်
မရရှိမည်ကို ကြိုတင်စီမံသည့်အနေဖြင့် အရည်အသွေးမီသော မျိုးနှင့် နည်းပညာများကို
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ တောင်သူများကို
ပညာပေးဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
နောက်ပိုင်း အစီအစဉ်များအနေဖြင့် သရက်သီး၊ ရွှေဖရုံသီး စသည့် သစ်သီးဝလံများကိုပါ
အဆင်သင့် စားသောက်ကုန်အဆင့်ထိ ထုတ်လုပ်တင်ပို့မည် ဖြစ်ဟုဆိုသည်။
















