အမ်ပီတီဆင်းကတ် ကျပ် ၃၀,၀၀၀ ခန့် ဈေးပေါက်

အမ်ပီတီဆင်းကတ် ကျပ် ၃၀,၀၀၀ ခန့် ဈေးပေါက်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)က မိုဘိုင်းဖုန်းဆင်းကတ်များကို ကျပ် ၁,၅၀၀ ဖြင့်
ရောင်းချပေးသော်လည်း နေပြည်တော်ကောင်စီနယ်မြေ ပြင်ပဈေးကွက်တွင်
ကျပ် သုံးသောင်းကျော်ဖြင့် ပြန်လည်ဝယ်ယူမှုများ ရှိနေဆဲဖြစ်သည်။

ယခုလအစောပိုင်းမှ စတင်ကာ အော်ရီဒူးဆင်းကတ်များကို ကျပ် ၁,၅၀၀ ဖြင့် အကန့်အသတ်မရှိ
လွတ်လပ်စွာဝယ်ယူနိုင်ကြပြီဖြစ်သော်လည်း ခွဲတမ်းစနစ်ဖြင့် ရောင်းချနေသည့် အမ်ပီတီဆင်းကတ်
များမှာ ဈေးကွက်တွင် အဝယ်များနေဆဲဖြစ်ကာ ဈေးပိုမို ရရှိနေခြင်းဖြစ်သည်။

"အ့ံဩစရာပဲ။ ဒီဆင်းကတ်တွေက အဝယ်လိုက်နေတုန်းပဲ။ တစ်ကတ်ကို သုံး သောင်းသုံးထောင်နဲ့
ပေးဝယ်နေတာ။ နောက်ပြီးတော့ နံပါတ်ကိုရွေးပြီး ၀ယ်တာလည်း မဟုတ်ဘူး၊ ရသမျှကို ငွေထုပ်
ပိုက်ပြီး အထိုင်ဝယ်နေတာ"ဟု ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးရာတွင် ပါ၀င်ဆောင်ရွက်နေသော
ပျဉ်းမနားမြို့၊ ကံဦးအုပ်စုမှ ရပ်မိရပ်ဖ ဦးဝင်းမြင့်က ပြောသည်။

အမ်ပီတီဆင်းကတ်များကို အော်ရီဒူး ဆင်းကတ် မရောင်းချသေးသော နယ်မြို့ များက
အဝယ်ရှိနေခြင်းဖြစ်သော်လည်း အော်ရီဒူးဆင်းကတ် ၀ယ်ပြီးသူများပင် အမ်ပီတီဆင်းကတ်ကို
၀ယ်ယူမှုများ ရှိနေကြောင်း ဆင်းကတ်များကို အထိုင်ဝယ်ယူလျက်ရှိသည့် ဦးနေလင်းအောင်က
ပြောသည်။

"အော်ရီဒူးက အမ်ပီတီလောက် နက်ဝပ် မကျယ်သေးဘူးလေ။ အဲဒါကြောင့် အော်ရီဒူး မရောက်တဲ့
ဒေသတွေမှာ အမ်ပီတီကတ်တွေ ၀ယ်လိုအား ရှိနေသေးတယ်။ နောက်ပြီး အော်ရီဒူးမကြိုက်တဲ့
သူတွေကလည်း ဒီအမ်ပီတီဆင်းကတ်ကိုပဲ သုံးကြတယ်"ဟု ၎င်းက ပြောသည်။

ခွဲတမ်းရသော ဂျီအက်စ်အမ်ဆင်းကတ်ကို ပေါက်ဈေးဖြင့် ရောင်းချခဲ့သော ပျဉ်းမနားမြို့ခံ
ဦးကျော်သောင်း ကလည်း "ကိုယ်က အဲဒီလောက် အရေးတကြီး မလိုပါဘူး၊ အိမ်မှာလည်း
တစ်လုံး ရှိနေပြီးသားပဲဟာ။ ဒီလိုရောင်းလိုက်တော့ ဆန် တစ်အိတ်နဲ့ ဆီ နှစ်ပိဿာလောက်
၀ယ်လို့ရတယ်"ဟု ပြောသည်။

ကျေးလက်ဒေသများတွင်လည်း ခွဲတမ်းရရှိသော ဆင်းကတ်များသည် လယ်ယာကဏ္ဍအတွက်
သွင်းအားစု ထည့်သွင်းရန် ငွေကြေးအရင်းအမြစ် တစ်ခုဖြစ်နေကြောင်း တောင်သူများက
ပြောသည်။

"အရင်ဆုးံ မဲပေါက်တဲ့ ဆင်းကတ်ကိုပဲ ဟန်းဆက်ဝယ်ပြီး သုံးလိုက်တယ်။ နောက်ထပ်မိသားစုဝင်
ထဲက ထပ်ပေါက်တဲ့ ဆင်းကတ်တွေကိုတော့ ရောင်းချပြီး လယ်စရိတ် ထိုးလိုက်တာပဲ။
တောင်သူတွေအတွက်က တယ်လီဖုန်းရှိဖို့ထက် စိုက်ပျိုးစရိတ်ရှိဖို့က ပိုအရေးကြီးတယ်"ဟု
လယ်ဝေးမြို့နယ်မှ တောင်သူ ဦးစံဝင်းက ပြောသည်။

ပြည်ထောင်စုအစိုးရက ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မျှော်မှန်းထားချက်များအရ
နေပြည်တော်ကောင်စီနယ်မြေတွင် ပျမ်းမျှလူဦးရေ ၁,၀၀၀ တွင် တယ်လီဖုန်း အသုံးပြုသူ ၆၄၉
ရှိစေရန် မျှော်မှန်းကြောင်း အမျိုးသားစီမံကိန်း၌ ဖော်ပြထားသည်။

အဆိုပါစီမံကိန်းအရ တစ်နိုင်ငံလုံးတွင် တယ်လီဖုန်း သိပ်သည်းဆအများဆုံး ဒေသသည်
ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ လူ ၁,၀၀၀ လျှင် ၆၅၁ လုံးဖြစ်ကာ နေပြည်တော်က ဒုတိယ
နေရာတွင်ရှိနေပြီး မန္တလေးတိုင်းဒေသကြီးက တတိယနေရာတွင် လူဦးရေ ၁,၀၀၀ လျှင် ၂၈၇ လုံး
ရှိမည်ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် စီးပွားရေးအရ ဒုတိယ အနိမ့်ဆုံးဖြစ်သော ရခိုင်ပြည်နယ်က လူဦးရေ ၁,၀၀၀
လျှင် ၆၈ လုံးဖြင့် အနိမ့်ဆုံးနေရာတွင် ရှိနေပြီး၊ ဧရာဝတီတိုင်းဒေသကြီးက ၉၀ လုံးဖြင့်
ဒုတိယအနိမ့်ဆုံးဖြစ်ကာ ကရင်ပြည်နယ်က ၉၇ လုံးဖြင့် တတိယအနိမ့်ဆုံးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး