တစ်နိုင်ငံလုံးရှိ ရေလွှမ်းပျက်စီးခဲ့သော စပါးခင်းများအတွက် မျိုးစပါးများ အခမဲ့ ထောက်ပ့ံရန် စီစဉ်

တစ်နိုင်ငံလုံးရှိ ရေလွှမ်းပျက်စီးခဲ့သော စပါးခင်းများအတွက် မျိုးစပါးများ အခမဲ့ ထောက်ပ့ံရန် စီစဉ်

ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခုလအတွင်း မိုးများပြီး ရေကြီးရေလျှံဖြစ်ခဲ့သောကြောင့် စပါးစိုက်ခင်းများ
ပျက်စီးခဲ့သောတောင်သူများ ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါးတင်း ခုနစ် သောင်းကျော်ကို
ထောက်ပ့ံသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။

ရေကြီးမှုများကြောင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးများ အပါအဝင်
မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ စပါစိုက်ခင်းဧက သိန်းနှင့်ချီ နစ်မြုပ်ခဲ့ရပြီး
ဧက သုံးသောင်းနီးပါးမှာ ပျက်စီးသည့် အခြေအနေအထိရှိခဲ့ကြောင်း ၀န်ကြီးဌာန၏
စာရင်းများအရသိရသည်။

"အဲဒါတွေက အလကားပေးမှာပါ။ မျိုးစပါးတွေအတွက် အစိုးရက စိုက်ထုတ်ပေးမှာရှိသလို
ပြည်တွင်းကရော၊ ပြည်ပကအလှူရှင်တွေပါ ရှိနေပါတယ်"ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ဩဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

အစိုးရအနေဖြင့် တောင်သူများအား မျိုးစပါးဖြန့်ဖြူးရာတွင် အမှန်တကယ် ထိရောက်မှုရှိရန်
လိုအပ်ကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က
ပြောကြားသည်။

"အပေါ်ပိုင်းကတော့ တောင်သူဘယ်လောက်ကို စပါးတင်းဘယ်လောက် ထောက်ပ့ံခဲ့ပါတယ်
ဆိုပြီး ပြောတာပဲ။ ဒါပေမဲ့ အောက်ခြေမှာတော့ နီးစပ်ရာမှာပဲ ဒီအတိုင်း ပုံထားခဲ့တာ။ လိုအပ်တဲ့
သူတိုင်းဆီကို မရောက်ဘူး"ဟု ဇူလိုင်လကုန်ပိုင်းတွင် ဦးခင်မောင်လတ်က ပြောကြားခဲ့သည်။

စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့၌ ရေလွှမ်းခဲ့သော စပါး စိုက်ဧက
ငါးသိန်းကျော် ရှိခဲ့ပြီး၊ ရေလွှမ်းခဲ့သော်လည်း မပျက်စီးဘဲ ရေပြန်ပေါ်သည့် စိုက်ဧက ၄ ဒသမ
၇ သိန်းကျော်ရှိခဲ့ကာ ဧက သုံးသောင်းခန့်မှာ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧက ရ၀၀ ခန့်မှာ ပြန်လည် စိုက်ပျိုးထားကြောင်း သိရသည်။

ပျက်စီးမှုစာရင်းတွင် ဧရာဝတီတိုင်းဒေသကြီးက ဧက တစ်သောင်းခွဲနီးပါးဖြင့် အများဆုံးဖြစ်ပြီး၊
ပဲခူးတိုင်းဒေသကြီးက ဧက တစ်သောင်းကျော်ဖြင့် ဒုတိယနေရာတွင် ရှိနေကာ ရန်ကုန်တိုင်းတိုင်း
ဒေသကြီးက ဧက နှစ်ထောင်နီးပါးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဧက ၁,၀၀၀ ခန့်
ပျက်စီးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ ရေနစ်မြုပ်ဧကအားလုံး ရက်အနည်းငယ်အတွင်း
ရေပြန်ပေါ်ခဲ့သည့်အတွက် ပျက်စီးသည့်အခြေအနေ မရှိခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး