အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ဖွင့်လှစ်ရန် ကျန်ရှိနေသေးသည့် အဆောင် နှစ်ဆောင်
အနက် 'ဘီ' အဆောင်ကို ယခုလကုန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်ဟု သိရသည်။
အဆိုပါအဆောင်ကို ယခုနှစ် ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်နေပြီး ထပ်မံကျန်ရှိသည့်
'စီ' အဆောင်ကိုလည်း လာမည့် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်ဟု
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ကေသီထွေးက
ယခုလ ၁၄ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
'ဘီ' အဆောင် ဆောက်လုပ်မှုအပိုင်းမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး 'စီ' အဆောင်မှာမူ
အခန်း ဖွဲ့စည်းရန်နှင့် ရေ၊ မီး တပ်ဆင်ရန် ကျန်နေသေးသည်။
သို့သော် မမျှော်လင့်နိုင်သည့် ငွေကုန်ကြေးကျမှုမျိုးများ ပေါ်ပေါက်လာနိုင်သည့်အတွက်
'စီ' အဆောင်ပြီးစီးမည့် ကိစ္စအား အတိအကျ မပြောနိုင်သေးဟုလည်း ဒေါက်တာဒေါ်ကေသီထွေး
က ပြောသည်။
'ဘီ'အဆောင်ဖွင့်လှစ်ပြီးပါက စာအုပ်အရောင်းဆိုင်၊ ကော်ဖီဆိုင်တို့ကိုလည်း ထည့်သွင်းထား
ရှိမည်ဟု အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးကျော်မင်းထွန်း က ပြောသည်။
"ကော်ဖီဆိုတာ စာဖတ်ဖို့အတွက် အားပေးတယ်လို့ ယူဆလို့ပါ၊ ပြီးရင် စာအုပ်ဆိုင်ဖွင့်ဖို့အတွက်
ကိုတော့ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်တွေကို ဖိတ်ခေါ်သွားမှာပါ။ အခုလိုမျိုးလုပ်တာတွေက
နိုင်ငံတကာမှာလည်း ရှိပါတယ်" ဟု ၎င်းက ပြောသည်။
'ဘီ'အဆောင်တွင်လည်း အီလက်ထရွန်းနစ်စာကြည့်တိုက်၊ အထွေထွေစာဖတ်ခန်း၊ ရည်ညွှန်းနှင့်
အင်္ဂလိပ်ဘာသာစာအုပ်များ၊ အာဆီယံစာအုပ်များ၊ ကုလသမဂ္ဂက ထုတ်ဝေသည့်စာအုပ်များနှင့်
ကမ္ဘာ့ဘဏ်က လှူဒါန်းထားသည့် စာအုပ်များထားရှိမည်ဖြစ်ကာ စာဖတ်ခန်းများအပြင်
စာပေဟောပြောပွဲ၊ စာကြည့်တိုက်ဆိုင်ရာ ဟောပြောပွဲနှင့် စာပေဆိုင်ရာပြိုင်ပွဲများပြုလုပ်ရန်
ဘက်စုံသုံးခန်းမ တစ်ခုပါ၀င်မည် ဖြစ်သည်။
လက်ရှိ 'အေ'အဆောင်တွင် ခင်းကျင်းထားသည့် စာကြည့်တိုက်လုပ်ငန်း(စာပြု၊ စာစုဌာနစိတ်)နှင့်
စီမံဘဏ္ဍာလုပ်ငန်းတို့ကိုလည်း ရွှေ့ပြောင်းထားရှိမည်ဖြစ်သည်။
လက်ရှိ ဖွင့်လှစ်ပြီးဖြစ်သည့် 'အေ' အဆောင်တွင် ရည်ညွှန်းနှင့် အင်္ဂလိပ်ဘာသာစာအုပ်များ၊
မြန်မာ၊ အင်္ဂလိပ်သတင်းစာနှင့် ဂျာနယ်များ၊ မြန်မာ၊ အင်္ဂလိပ် မဂ္ဂဇင်းများ၊ မြန်မာစာအုပ်များ၊
ရှေးဟောင်းသုတေသနစာစုများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်ဘာသာစာအုပ်များ၊
ကလေးစာကြည့်တိုက်နှင့် လူဦးရေ ၄၂ ဦး ဖတ်ရှုနိုင်သည့် အီလက်ထရွန်းနစ်စာကြည့်တိုက်တို့ကို
စာကြည့်တိုက်ပညာအရ စနစ်တကျဖွဲ့စည်းထားသည်။
မိမိ ကြိုက်နှစ်သက်ရာ ကဏ္ဍအလိုက် ဖတ်ရှု နိုင်သော စာဖတ်ခန်း ရှစ်ခု၊ အထွေထွေစာဖတ်ခန်း၊
အပန်းဖြေနားနေရန်နေရာ၊ မှတ်ပုံတင်ရန်နေရာ၊ စစ်ဆေးရန်နေရာ၊ ပစ္စည်းထားရန်နေရာ၊
စုံစမ်းမေးမြန်းရန်နေရာ၊ စာစု၊ စာပြုဌာနစိတ်နှင့် ရုံးခန်း နှစ်ခန်းတို့လည်း ပါ၀င်သည်။
စာကြည့်တိုက်၌ စာအုပ် ရ၀,၁၇၆ အုပ်၊ မဂ္ဂဇင်း ၅၄,၆၂၃ အုပ်၊ ဂျာနယ် ၄၁,၄၇၅၊ သတင်းစာ
၆၁,၀၈၂၊ ပေ ၅၃၊ ပုရပိုက် ၈၇၊ ပြန်တမ်း ၈၆၁၊ ရှားပါး စာအုပ်နှင့် စာနယ်ဇင်း ၁၀၃၊
မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်ဘာသာစာအုပ် ၅,၅၁၆၊ ဘွဲ့ယူကျမ်း ၂,၂၄၁၊ ကလေး စာစု ၉,၀၈၅၊
အာဆီယံစာစုများ ၃၃၆၊ ကုလသမဂ္ဂစာစုများ ရ၆၂၊ သီးသန့်စာစု ၁၁,၄၄၄ နှင့် ပြက္ခဒိန် ၅၇ ခု
တို့ဖြင့် ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ သုတရသ စာအုပ်၊ စုစုပေါင်း ၂၅,၇၉၀၁ ရှိသည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကို ၂၀၁၀ ပြည့်နှစ်၊ ဇွန် ၃ ရက်တွင် အုတ်မြစ်ချခဲ့ပြီး
၂၀၁၃ ခုနှစ်၊ မေ ၃ ရက်နေ့တွင် 'အေ' အဆောင်ကို စတင်ဖွင့်လှစ်ခဲ့သည်။
















