ကိုယ်ပိုင်ရထားလမ်း တစ်ခု တည်ဆောက်ရန် စီစဉ်

ကိုယ်ပိုင်ရထားလမ်း တစ်ခု တည်ဆောက်ရန် စီစဉ်

လက်ရှိ အစိုးရလက်ထက်တွင် ပထမဦးဆုံး ဆောင်ရွက်ခွင့်ရခဲ့သော အများပိုင်ကုမ္ပဏီဖြစ်သည့်
မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း(MAPCO) သည် နေပြည်တော်တွင်
တစ်မိုင်ကျော် ရှည်လျားသည့် ကိုယ်ပိုင်မီးရထားလမ်းပိုင်း တစ်ခုတည်ဆောက်ရန် သက်ဆိုင်ရာ
၀န်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံထားသည်။

"ခွင့်ပြုချက်ရဖို့အတွက် ပြန်လည် တင်ပြထားပါတယ်။ ဒီ မီးရထားလမ်း တည်ဆောက်ခွင့်ရဖို့က
ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒီမီးရထားလမ်းကို တကယ်သာ အသုံးပြုခွင့်ရမယ်ဆိုရင်
အချိန်ရော၊ ကုန်ကျစရိတ်ရော အများကြီး သက်သာသွားပါမယ်"ဟု ကော်ပိုရေးရှင်း၏
အထွေထွေမန်နေဂျာ ဦးကျင်ဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါ ကော်ပိုရေးရှင်းသည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မယ်ဇလီကုန်း ကျေးရွာအုပ်စုတွင်
ဒေသခံတောင်သူများ နှင့် အကျိုးတူလယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်သွားမည်ဖြစ်သကဲ့သို့
အဆင့်မြင့် ဆန်စက်ကြီးများ တည်ထောင်ပြီး ပြည်ပတင်ပို့ ရန်ရည်ရွယ်ကာ ဆန်ဖြူတန် ၁၀၀ ကျ
ကြိတ်ခွဲစက်နှင့် တန်းမြင့်ပေါင်းဆန် တန် ၁၀၀ ကျ ကြိတ်ခွဲနိုင်မည့် ခေတ်မီစက်ကြီးများ ထည့်သွင်း
တည်ဆောက်မည်ဖြစ်သည်။

စက်များတည်ဆောက်ပြီးလျှင် ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပသို့တင်ပို့သွားရန်
ဆောင်ရွက်ရာတွင် မော်တော်ကားလမ်းထက် မီးရထားလမ်းပိုင်းကို အသုးံပြု နိုင်ရေး
ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ဦးကျင်ဆွေက ပြောသည်။

လုပ်ငန်းများစတင်လျှင် သယ်ယူပို့ ဆောင်ရေးကို မီးရထားအသုံးပြုနိုင်ရန်အတွက် စီမံချက်
တည်ရှိရာနေရာမှ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်းပေါ်ရှိ ပြူတွင်းဘူတာသို့
ဆက်သွယ်မည့် ၁ ဒသမ ၂ မိုင်ရှည်သော Sub Transition မီးရထားလမ်းပိုင်းကို ဆည်မြောင်း
မြေပေါ်၌ တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

စီမံချက် တည်ရှိရာနေရာသည် ရန်ကုန်- မန္တလေး အဝေးပြေး ကားလမ်းမဘေးတွင်
တည်ရှိသော်လည်း သယ်ယူစရိတ်နှင့် အချိန်ကို လျှော့ချရန်အတွက် မော်တော်ကားလမ်းအစား
ရထားကိုအသုံးပြုနိုင်ရန် စီစဉ်ခြင်းဟု ဦးကျင်ဆွေက ပြောသည်။

မယ်ဇလီကုန်းကျေးရွာအုပ်စုရှိ အထက်ပါ စီမံချက်အတွက် အမေရိကန်ဒေါ်လာ ၁၂ ဒသမ
၅၀၄ သန်းအပါအဝင် စုစုပေါင်း ကျပ်သန်း ၁၅,၀၀၀ခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး