မီဒီယာ အဖွဲ့အစည်းများ၏ သတင်း ရယူနိုင်ခွင့်နှင့် အစိုးရ အဖွဲ့အစည်းများ၏ ပွင့်လင်း မြင်သာမှု
ပိုမိုမြှင့်တင်ရန်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မီဒီယာ အဖွဲ့အစည်းများကြား
ဖိုရမ် တစ်ရပ် ကျင်းပရန် ပြန်ကြားရေးဝန်ကြီးဌာနက စတင် စီစဉ်လျက် ရှိကြောင်း အဆိုပါ
၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဖိုရမ်ကျင်းပရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဩဂုတ်လဆန်းတွင်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံရာ၌ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အကြမ်းဖျင်း စစီစဉ်နေပါပြီ။ အကြမ်းဖျင်း အောက်တိုဘာလလောက်မှာ လုပ်ဖြစ်မယ်
ထင်ပါတယ်။ ပါ၀င်မယ့်သူတွေကိုတော့ ညှိနှိုင်းဆဲပဲ။ မဏ္ဍိုင်လေးရပ်ဆိုတော့ မဏ္ဍိုင်လေးရပ်
စလုံးပါမှာပါ"ဟု အဆိုပါ ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က ပြောသည်။
ကျင်းပမည့် ဖိုရမ် အရွယ်အစား၊ ဆွေးနွေးမည့် ပုံစံတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆဲဖြစ်ပြီး ဖိုရမ်သို့
တက်ရောက်မည့် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၏ ရာထူး အဆင့်အတန်းနှင့် ပတ်သက်၍
သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။
"ကျွန်မတို့ ဘယ်သူ ဘယ်ဝါကိုပါလို့ နာမည်တွေတော့ မသတ်မှတ်ပါဘူး။ ၀န်ကြီးဌာန တစ်ခုဆိုရင်
သူတို့ အဆင်ပြေတဲ့သူ လွှတ်မှာ ပေါ့နော်။ by name နဲ့ ဖိတ်ကြားလေ့ သိပ်မရှိပါဘူး" ဟု
၎င်းက ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက စာနယ်ဇင်း ကောင်စီအနေဖြင့်
အဆိုပါ ဖိုရမ်တွင် အစိုးရ အဖွဲ့အစည်းများ နှင့် မီဒီယာကြား အပြန်အလှန် နားလည်မှု
ပိုမိုတည်ဆောက်နိုင်ရန်နှင့် ၎င်းတို့ထံမှ သတင်းရယူနိုင်မှု ပိုမို ကောင်းမွန်လာစေရေး ဆွေးနွေးမည်
ဖြစ်ကြောင်း ပြောသည်။
"ဒီဖိုရမ်မှာ ကျွန်တော်တို့ ဖြစ်စေချင်တာ နှစ်ချက်ရှိတယ်။ သတင်းသမားက ဘာတာဝန်နဲ့
ဘာလုပ်တယ်ဆိုတာ သူတို့ (အစိုးရ အဖွဲ့ အစည်းများ)လည်း သိဖို့ လိုတယ်။ အပြန်အလှန်
သူ့တာဝန် ကိုယ့်တာဝန် သိဖို့ နားလည်ဖို့က ပထမအချက်။ နှစ်အချက်က communication
channel တွေ တည်ဆောက်ဖို့၊ မဏ္ဍိုင် သုံးခု စလုံးနဲ့ သတင်းသမားတွေနဲ့ ဆက်သွယ်ရေး
လမ်းကြောင်းတွေ ပွင့်နေဖို့ လိုတယ်" ဟု ၎င်းက ပြောသည်။
"ဒီလိုမျိုး တွေ့ဆုံတယ်ဆိုတာ ကောင်းတဲ့ ကိစ္စရပ်ပါ။ တွေ့ဖို့ လိုအပ်တယ်လေ။ ဒီမဏ္ဍိုင် လေးရပ်
က မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရတာ ဖြစ်တဲ့အတွက် ဒီလိုမျိုး တွေ့ဆုံတာ
ကောင်းပါတယ်။ ရလဒ်အနေနဲ့ ကတော့ တကယ်တွေ့ဆုံမှသာလျှင် ပြောတာ ကောင်းပါတယ်"ဟု
အီလဲဗင်း မီဒီယာဂရု(ပ်)မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောသည်။
















