အမျိုးသားပညာရေး ဥပဒေအား လွှတ်တော်၌ ပြန်ဆွေးနွေးမည်

အမျိုးသားပညာရေး ဥပဒေအား လွှတ်တော်၌ ပြန်ဆွေးနွေးမည်

ဥပဒေပါ အချက်အလက်အချို့နှင့် ပတ်သက်ပြီး ပညာရှင်များနှင့် အဖွဲ့အစည်းများက
ကန့်ကွက်မှုများ ရှိနေသည့် အမျိုးသားပညာရေး ဥပဒေကို သမ္မတ ဦးသိန်းစိန် ကလည်း
ပြင်ဆင်ရန် သဘောထားမှတ်ချက် ၂၅ ချက်နှင့်အတူ လွှတ်တော်ကော်မတီထံ ပြန်လည်
ပေးပို့ထားရာ ပြည်ထောင်စုလွှတ်တော်တွင် စက်တင်ဘာ ၁၁ ရက်နေ့၌ ဆွေးနွေးညှိနှိုင်းမှုများ
ပြုလုပ်သွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနက ဦးဆောင် ရေးဆွဲထားသော အဆိုပါဥပဒေကို လွှတ်တော်များ၏
ဥပဒေကြမ်းကော်မတီတွင် အဆင့်ဆင့် ဆွေးနွေးပြီးနောက် ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စု
လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

သို့သော် သမ္မတက သဘောတူ လက်မှတ်ထိုးခြင်း မရှိဘဲ ဥပဒေ ပိုင်းဆိုင်ရာ ၂၂ ချက်နှင့်
အရေးအသားပိုင်းဆိုင်ရာ အချက်သုံးချက် ပါ၀င်သော ပြင်ဆင်ရန် သဘောထားမှတ်ချက်
၂၅ ချက်နှင့်အတူ လွှတ်တော်ကော်မတီထံ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

သမ္မတ၏ သဘောထားမှတ်ချက်အပေါ် ပြင်ဆင်ရန် သင့်မသင့်နှင့် ပတ်သက်ပြီး ပြည်ထောင်စု
လွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ
ပြန်တင်သွင်းရမည်ဖြစ်သည်။

သမ္မတ၏ သဘောထား မှတ်ချက်တစ်ခုမှာ ပညာရေး ပြုပြင်ပြောင်းလဲရန် အချိန်ကာလကို
၂၀၁၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၁၃ နှစ်ကြာ သတ်မှတ်ရန်ဟူသည့် အချက်လည်း ပါ၀င်ကြောင်း
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး
ကပြောသည်။

လက်ရှိ ဥပဒေကြမ်းအရ ပညာရေးပြုပြင် ပြောင်းလဲမှုအချိန်ကာလကို ငါးနှစ်သာ သတ်မှတ်ထားပြီး
ပြုပြင်ပြောင်းလဲရေးကာလ ငါးနှစ်ကျော်လွန်ပါက တက္ကသိုလ်များအား ကြီးကြပ်ညွှန်ကြားမှုများ
ပေးနေသည့် အဆင့်မြင့်ပညာဦးစီးဌာနကို အပြီးတိုင် ဖျက်သိမ်းရမည်ဖြစ်သည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုကို ၁၃ နှစ်အထိ သတ်မှတ်လိုခြင်းမှာ သမ္မတဦးသိန်းစိန် အနေဖြင့်
ယခင်စစ်အစိုးရလက်ထက် ၂၀၀၁ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့သည့်
အနှစ် ၃၀ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်လိုခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ
ပညာရေး ပြုပြင် ပြောင်းလဲရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က သုံးသပ်သည်။

ဥပဒေပါအချက်များတွင် အမျိုးသားပညာရေးကော်မရှင်ကို ဖွဲ့စည်းရန်နှင့် အဆင့်မြင့်ပညာ
ပေါင်းစပ် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းရန် ထည့်သွင်းထားခြင်းမှာ အစိုးရ အနေဖြင့်
တက္ကသိုလ်များ၏ လွတ်လပ်ခွင့်၊ စီမံခန့်ခွဲခွင့်ကို တိုက်ရိုက်ထိပါးပြီး ဗဟိုဦးစီးချုပ်ကိုင်သော စနစ်ကို
အကောင်အထည်ဖော် ကျင့်သုံးခြင်း ဖြစ်ကြောင်း အမျိုးသား ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
ကွန်ရက် (NNER) အပါအဝင် ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများက ပြောသည်။

"အစိုးရက တက္ကသိုလ်ပညာရေးကို လွတ်လပ်ခွင့်ပေးမယ်ဆိုပြီးတော့ တစ်ဖက်လှည့်နဲ့ ထိန်းချုပ်ဖို့
ကြိုးစားနေတယ်။ ဒီလို ဗဟိုဦးစီးချုပ်ကိုင်တဲ့စနစ်နဲ့ သွားခဲ့လို့ ဒီနိုင်ငံရဲ့ ပညာရေးစနစ်က နိမ့်ကျခဲ့
ပြီးပြီ။ လာအို၊ ကမ္ဘောဒီယားလို နိုင်ငံကတောင် ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကို အသိအမှတ်
မပြုဘူး"ဟု အမျိုးသားပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ကွန်ရက်အဖွဲ့ဝင် ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ် ဆရာများအသင်း အတွင်းရေးမှူး ဒေါက်တာ သန်းလွင်ဦးက ပြောသည်။

သို့သော် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက
ကော်မရှင်များအနေဖြင့် ကျောင်းများ၏ အသေးစိတ်စီမံခန့်ခွဲခွင့်များကို ၀င်ရောက်စွက်ဖက်ခွင့်
မရှိဘဲ ကျောင်းများ၏ ဖွံ့ဖြိုးမှုများကိုသာ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်မှုများ ပြုလုပ်ရမည်
ဟူသည့် ပုဒ်မများ ထည့်သွင်းထားကြောင်း ပြောသည်။

"ဗဟိုချုပ်မှုက အများကြီးလျော့နည်းသွားမယ့် အနေအထားမျိုးပါ"ဟု ၎င်းက ပြောသည်။

ဥပဒေ၏ အခန်း ၁၁ ပညာရေးစီမံခန့်ခွဲမှုကဏ္ဍတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းရေး
ကော်မတီတို့သည် သက်ဆိုင်ရာအဆင့်မြင့် ပညာကျောင်းများကို လက်ရှိဥပဒေနှင့်အညီ
စီမံခန့်ခွဲရမည် ဖြစ်သလို အခြေခံပညာအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို
၀န်ကြီးဌာန နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့က ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ဥပဒေတွင် ဖော်ပြထားသော ပညာရေးဝန်ထမ်းများအားလုံး ကိုယ်ကျင့်တရားကောင်းမွန်ကာ
ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်မှုနှင့် ကိုယ်တိုင်တာဝန်ယူတတ်မှုတို့ ဖွံ့ဖြိုးလာမှုအပေါ်မူတည်၍
ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် စနစ်ကိုကျင့်သုံးရေး ဆိုသည့်အချက်မှာလည်း ဆရာဆရာမများ၏
ဂုဏ်သိက္ခာကို ထိပါးနေသည်ဆိုကာ မြန်မာနိုင်ငံတက္ကသိုလ် ဆရာဆရာမများ အစည်းအရုံး
အပါအဝင် လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

"ဒီအချက်က ပညာရေးဆိုင်ရာ မူအားဖြင့် သတ်မှတ်ချက်သာဖြစ်တယ်၊ ဆရာဆရာမတွေနဲ့
ပတ်သက်တဲ့ အခန်းမှာ အဲဒီအချက်တွေ မပါဘူး၊ ဥပဒေတစ်ရပ်ရဲ့ မူဝါဒပိုင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင်လို့ ဒီလိုပြဋ္ဌာန်းချက်မှာထည့်ထားတာဖြစ်တယ်" ဟု
ဒေါက်တာမြတ်ဉာဏစိုး က ပြောသည်။

"ကျွန်တော်တို့အနေနဲ့ လွတ်လပ်တဲ့ ပညာရေးစနစ် တစ်ခုဆီသွားဖို့ ဆက်လုပ်သွားရမှာ ဖြစ်တယ်၊
ဒီအစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည် မဖော်နိုင်ရင် နောက်အစိုးရ လက်ထက်မှာ
ဆက်ပြီးတော့ တိုက်တွန်း ဆောင်ရွက်သွားရမှာပါ"ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

"တကယ်လိုချင်တာကို ချက်ခြင်းရအောင် ပြောင်းလဲယူလို့တော့ မရဘူး တဖြည်းဖြည်းတော့
ပြောင်းလာမှာပါ။ ဒီဥပဒေထဲမှာလည်း အရင်ကမရခဲ့ဘူးတဲ့ ဖြေလျှော့မှုတွေ အများကြီးပါပါတယ်"
ဟု ပညာရေးမြှင့်တင်မှုကော်မတီအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးမန်းဂျော်နီက ပြောသည်။

လွှတ်တော်၏ လုပ်ထုံးလုပ်နည်းအရ ဥပဒေပြုခြင်းနောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ
ဖြစ်သောကြောင့် ပြင်ပပုဂ္ဂိုလ်များ၏ အခြားပြင်ဆင်လိုသည့် အကြောင်းအရာများအား
ထပ်မံအစားထိုးပြင်ဆင်ခွင့် ရနိုင်တော့မည် မဟုတ်သလို သမ္မတပြင်ဆင်လိုသော
အကြောင်းအရာများအား ပြင်ဆင်မှုပြုရန်မှာလည်း လွှတ်တော်၏ သဘောထားပေါ်တွင်
မူတည်နေသည်။

သို့သော် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ဒေါက်တာမြဦး ကမူ "အပြင်က
အဖွဲ့အစည်းတွေရဲ့ သဘောထား မှတ်ချက်တွေကိုလည်း ညှိနှိုင်းလို့ရအောင် ညှိနှိုင်းသွားမှာပါ" ဟု
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး