ယခုလ ၃ ရက်နေ့၊ နံနက် ၂ နာရီအချိန်ခန့်က ပျဉ်းမနားမြို့မဈေး အရှေ့ဘက်၊ ဗိုလ်လင်္ကျာလမ်း
ပေါ်ရှိ အရုပ်ဆိုင် တစ်ဆိုင်တွင် ဘုရားစင်၌ ဖယောင်းတိုင်မီး ပူဇော်ထားရာက ဆိုင်ခန်း ခုနစ်ခန်း
မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်သည့် နေရာသို့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပျဉ်းမနားမြို့နယ် အပါအဝင်
ဒက္ခိဏ၊ ဥတ္တရ၊ ဇမ္ဗူသီရိနှင့် လယ်ဝေးမြို့နယ် မီးသတ်စခန်းများက မီးသတ်ယာဉ်စုစုပေါင်း
အစီး ၃၀ ဖြင့် ၀ိုင်းဝန်း ငြိှမ်းသတ်ခဲ့ရာ ၂ နာရီ ၅၅ မိနစ်အချိန်ခန့် တွင် မီးကို ထိန်းနိုင်ခဲ့ပြီး
၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် လုံးဝငြိှမ်းသတ်နိုင်ခဲ့သည်ဟု ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးမှူး
ဦးအောင်သူ က ပြောကြားသည်။
အဆိုပါ မီးလောင်မှုကြောင့် အရုပ်ဆိုင်၊ စတိုးဆိုင်၊ အအေးဆိုင်၊ ရွှေဆိုင် နှစ်ဆိုင်နှင့်
ဖုန်းအရောင်းဆိုင် နှစ်ဆိုင်တို့ လောင်ကျွမ်းခဲ့ပြီး ကျပ် ၁၂၅ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။
ထိုဆိုင်များသည် လူနေဆိုင်ခန်းများ ဖြစ်သော်လည်း အရုပ်ဆိုင် တစ်ဆိုင်သာ လူနေထိုင်ခြင်း
မရှိဟုလည်း သိရသည်။
နီးစပ်ရာပတ်ဝန်းကျင်တွင် နေထိုင်သူများက မီးလောင်သည်ဟု သိသိချင်းပင် သက်ဆိုင်ရာမြို့နယ်
မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဖုန်းမကိုင်ဟု
၀ိုင်းဝန်းမီးငြိှမ်းသတ်ပေးခဲ့သူ ဒေသခံ တစ်ဦးက ဆိုသည်။
"ကျွန်တော် သိသိချင်းပဲ လိုက်အော်တယ်၊ ပြီးတော့ မြို့နယ်မီးသတ်စခန်းကို ဒီနားမှာနေတဲ့ လူတွေ
အကုန်လုံး ဖုန်းဆက်တယ်၊ မကိုင်ဘူး။ နောက်ဆုံး မြို့ဦးရပ်ကွက်က မီးသတ်စခန်း (၂) ကို
ကိုယ်တိုင်သွားခေါ်မှ မီးသတ်ကား နှစ်စီးရောက်လာတယ်။ ဒါပေမဲ့ ရေမပါလာခဲ့ဘူး။
ရေသွားထည့်တယ်၊ မီးကတော့ အရုပ်ဆိုင်ကို တော်တော်လောင်နေပြီ၊ ပြီးတော့ သူ့ဘေးနားက
ဆိုင်တွေပါ ဆက်လောင်နေတာတွေ့ရတယ်။ ကျွန်တော် အပါအဝင် လူ ၁၀ ယောက််လောက်က
အိမ်မှာရှိတဲ့ ရေတွေ နဲ့ ၀ိုင်းငြိှမ်းသက်ခဲ့တယ်" ဟု ဒေသခံကိုသူက ပြောသည်။
"မနက် ၁ နာရီခွဲလောက်မှာ ကျွန်တော် က ဆွမ်းလောင်းရှိလို့ ဓမ္မာရုံကို သွားနေတယ်၊ မကြာဘူး။
အိမ်က မိန်းမက မီးလောင်တယ်ဆိုပြီး ဖုန်းဆက်လို့ ချက်ချင်းပြန်သွားတယ်၊ ကျွန်တော်
ရောက်တော့ မီးက အရုပ်ဆိုင်ကို လောင်နေတာ၊ ကျွန်တော်တို့လည်း တံခါးကို ဖျက်ပြီး
၀င်ငြိှမ်းပေမယ့် မရတော့ဘူး။ ကျွန်တော့်ဆိုင်ကိုပါ ကူးနေပြီ" ဟု မီးလောင်ကျွမ်းခြင်းခံခဲ့ရသည့်
'ပွင့်ဖြူ' စတိုးက ကိုခင်မောင်လတ်က ပြောသည်။
ပျဉ်းမနားမြို့တွင် ယခုနှစ်အတွင်း ကြီးမားသော မီးလောင်မှု နှစ်ကြိမ်နှင့် သေးငယ်သော မီးလောင်မှု
ငါးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။
















