မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် မတိုင်မီတွင် နိုင်ငံအဆင့် စာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ၅
ရာခိုင်နှုန်း အထိရရှိစေရန် ဆောင်ရွက်နေသည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဒေါ်ခင်စန်းရီက ယခုလ ၈ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့
အခမ်းအနား၌ ပြောကြားခဲ့သည်။
"စာတတ်မြောက်ရေး လှုပ်ရှားမှုများမှာ သက်ကြီးများ အထူးသဖြင့် အမျိုးသမီးများရဲ့
စာတတ်မြောက်မှုအဆင့်အား ရာခိုင်နှုန်း ၅၀ တိုးလာစေရန်၊ သက်ကြီးအားလုံး အခြေခံစာ
တတ်မြောက်ရေးနဲ့ စဉ်ဆက်မပြတ်ပညာရေးကို သာတူညီမျှ သင်ယူခွင့်ရရှိရန် ဒါကာ
အညွှန်းဘောင်အရ ရည်မှန်းအဆိုပြုထားတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်မတိုင်မီ
အတွင်း နိုင်ငံအဆင့်စာတတ်မြောက်မှုနှုန်းကို ၉၅ ဒသမ ၅ ရာခိုင်နှုန်း အထိရရှိစေရေး ဆောင်ရွက်
နေချိန်လည်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ဒါကာအညွှန်းဘောင်ကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီလက ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင် ကျင်းပခဲ့သည့်
ကမ္ဘာ့ပညာရေးညီလာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၂၀၁၂ ခုနှစ်က ၉၅ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့သည်ဟု
သိရသည်။
အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအဖြစ် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေရာသီက မြန်မာနိုင်ငံရှိ
သက်ကြီးစာမတတ်သူ စုစုပေါင်း ၂၂,၄၁၇ ဦးအား သင်ကြားပေးနိုင်ခဲ့သည်ဟုလည်း သိရသည်။
ထိုသို့ သင်ကြားပေးရာတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းနှင့်
မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ကိုးခုတွင် တက္ကသိုလ် ၁၀ ခုမှ ကျောင်းသား၊ ကျောင်းသူ
၁,၉၅၈ ဦးက လူထုလှုပ်ရှားမှုအသွင်ဖြင့် သင်ကြားပေးခဲ့သည်ဟု ဒေါက်တာဒေါ်ခင်စန်းရီက
ပြောသည်။
ယခုနှစ်အတွင်း အခြေခံစာတတ်မြောက် ရေးလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ရာတွင် ဧပြီလ ၁ ရက်မှ
မေလ ၁၅ ရက်အထိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့နယ် ၂၉ မြို့နယ်တွင်
စာသင်ဝိုင်းပေါင်း ၄,၃၄၃ ၀ိုင်းကို ဖွင့်လှစ်ပြီး လုပ်အားပေး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ
၄,၆၆၄ ဦးက သင်ယူသူ ၄၆,၄၇၉ အား သင်ကြားပေးခဲ့သည်။
သက်ကြီးစာမတတ်သူများအတွက် ရည်ရွယ်သည့် 'အ'သုံးလုံးသင်တန်းကို ၁၉၆၄ ခုနှစ်က
မိတ္ထီလာခရိုင်၊ အရှေ့စံပြကျေးရွာ၌ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့သည်။
















