မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် က နှစ်စဉ် ၁၃ ရာခိုင်နှုန်းလောက် တိုးတက်
နေပါတယ်။
တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု နှစ်စဉ်မြင့်တက်နေမှာ ဖြစ်သလို အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊
မန္တလေးနဲ့ နေပြည်တော်တို့ရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာလည်း တစ်နိုင်ငံလုံးသုံးစွဲမှုရဲ့
ရာခိုင်နှုန်း ထက်ဝက်ကျော်မှာ ရှိနေပါတယ်။
စီးပွားရေးလုပ်ငန်းတွေ များပြား တိုးတက်လာမှုနဲ့အတူ ရန်ကုန်နဲ့ မန္တလေးမြို့တွေရဲ့
လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကလည်း တစ်နေ့တခြား မြင့်မားလာနေပါတယ်။
လက်ရှိအချိန်ထိတော့ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ နေ့စဉ် လျှပ်စစ်မီး
ပြတ်တောက်မှုတွေ ရှိနေဆဲပါ။
ဒါပေမဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အဆိုအရတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နိုင်ငံရဲ့
အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို သိသိသာသာလျှော့ချ
ခဲ့သယောင် ရှိပါတယ်။
လွဲခဲ့တဲ့ နှစ်နှစ်ကျော်ကာလက နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မဂ္ဂါ၀ပ် ၄၀ ခန့်ရှိခဲ့ပေမယ့်
လက်ရှိအချိန်မှာတော့ မဂ္ဂါ၀ပ် ၁၀ သာ သုံးစွဲနေတယ်လို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြီးခဲ့တဲ့လအတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"နေပြည်တော်ကြီးက မီးထိန်နေတာပဲဆိုပြီး လူတွေက ပြောနေကြတယ်။ တကယ်တမ်းပြောရရင်
နေပြည်တော်က မီး ဒီလောက် မသုံးပါဘူး။ နေပြည်တော်က မဂ္ဂါ၀ပ် ၁၀ ထက် ပိုမသုံးပါဘူး။
မန္တလေး မြို့ကြီးဆို မဂ္ဂါ၀ပ် ၄၅၀၊ ၅၀၀ လောက်သုံးတယ်။ ရန်ကုန်မြို့ကြီးကသာ မဂ္ဂါ၀ပ် ၁,၀၀၀
နီးပါးသုံးနေတာ ဖြစ်ပါတယ်" ဟု ပေါင်းလောင်းရေအား လျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး ကျင်းပတဲ့
သတင်းစာရှင်းလင်းပွဲမှာ ၎င်းကပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်ကျော်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အား
သုံးစွဲမှု ပမာဏက မဂ္ဂါ၀ပ် ၄၀ အထိရှိတယ်လို့ လျှပ်စစ်ဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။
၂၀၁၂ ခုနှစ် နွေရာသီကာလမှာ တစ်နိုင်ငံ လျှပ်စစ်မီးပြတ်တောက်မှု အကြီးအကျယ် ကြုံတွေ့ခဲ့ပြီး၊
မြို့ကြီးတွေမှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြတာတွေအထိ ဖြစ်ခဲ့ပါတယ်။
ဖယောင်းတိုင်နဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို စတင်ခဲ့တဲ့ မန္တလေးမြို့မှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက
အရေးပေါ် သတင်းစာရှင်းလင်းပွဲတွေ၊ တွေ့ဆုံပွဲတွေ လုပ်ခဲ့ပါတယ်။
မန္တလေးမြို့ပေါ်က တိုင်းလျှပ်စစ်အင်ဂျင် နီယာရုံးမှာ ၂၀၁၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့
သတင်းစာရှင်းလင်းပွဲမှာ အဲဒီအချိန်တုန်းက အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး
ဖြစ်တဲ့ ဦးအောင်သန်းဦး (လက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး)က နေပြည်တော်ရဲ့
လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏက မဂ္ဂါ၀ပ် ၄၀ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဦးအောင်သန်းဦးက အဲဒီအချိန်တုန်းက ရန်ကုန်မြို့ရဲ့ လျှပ်စစ် ဓာတ်အား
သုံးစွဲမှုပမာဏသည် မဂ္ဂါ၀ပ် ရ၂၀၊ မန္တလေးမြို့က မဂ္ဂါ၀ပ် ၁၅၀ ရှိတယ်လို့လည်း ပြောကြားခဲ့ပါ
တယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အဆိုအရတော့ နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏက
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေထက် အများကြီး လျော့နည်းနေသလို နှစ်နှစ်ကျော်ကာလအတွင်းမှာ
နေပြည်တော် က လျှပ်စစ် မဂ္ဂါ၀ပ် ၃၀ နီးပါး လျှော့ချသုံးစွဲခဲ့တယ်ဆိုတဲ့ သဘောပါပဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား စက်တပ်ဆင်
အား ပမာဏ စုစုပေါင်း ၄,၁၄၆ မဂ္ဂါ၀ပ်ရှိပြီး၊ မဂ္ဂါ၀ပ် ၂,၆၅၀ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရန်ကုန်နဲ့ မန္တလေးက ထုတ်လုပ်မှု စုစုပေါင်းရဲ ့ထက်ဝက်နီးပါး သုံးစွဲနေတယ်ဆိုတဲ့
သဘောဖြစ်ပါတယ်။
မကြာမီက ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေးလူဦးရေ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ရဲ့ လူဦးရေ က ၅ ဒသမ
၂ သန်းကျော်၊ မန္တလေးမြို့က ၁ ဒသမ ၂ သန်းကျော်နဲ့ နေပြည်တော်ရဲ့ လူဦး ရေက ၁ ဒသမ
၁ သန်းကျော် ရှိပါတယ်။
စီးပွားရေး အဆောက်အအုံတွေနဲ့ လူဦးရေ သိပ်သည်းဆတွေကြောင့် ရန်ကုန်၊ မန္တလေးနဲ့
နေပြည်တော်အကြား သုံးစွဲမှုကလည်း အမှန်တကယ်ကွာခြားနိုင်ပါတယ်။
သို့သော်လည်း လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏ မဂ္ဂါ၀ပ် ၁,၀၀၀ နီးပါးရှိတဲ့ ရန်ကုန်နဲ့
နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက အမှန်တကယ်ပဲ အဆ ၁၀၀ နီးပါး
ကွာခြားနေသလားဆိုတာတော့ တာဝန်ရှိသူတွေပဲ သိနိုင်ပါလိမ့်မယ်။
















