လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသည် ဌာနပိုင် အနေဖြင့်
ဖွင့်လှစ်ထားသော မူလတန်းကြို ကျောင်းမှကလေးများကို အဟာရစံနှုန်း ပြည့်မီအောင်
ကျွေးမွေးနိုင်ရန် ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားကြောင်း
ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ပြောကြားသည်။
၀န်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် မူလတန်းကြိုကျောင်းများကို တစ်နိုင်ငံလုံးတွင်
ရ၃ ကျောင်း အထိဖွင့်လှစ်ထားရှိပြီး ထိုကျောင်းများမှ ကလေးများကို တစ်နေ့လျှင် ကလေးတစ်ဦး
အတွက် ကျပ် ၁၀၀ နှုန်းထောက်ပ့ံနေရာမှ ကျပ်၂၅၀ ထပ်တိုးပြီး ကျပ် ၃၅၀ နှုန်းဖြင့်
ထောက်ပ့ံနိုင်ရန် တင်ပြထားခြင်းဖြစ်ကြောင်း ၎င်းက ယခုလ ၁၁ ရက်က ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကျောင်းသားလေးများအတွက် ကျပ် ၁၀၀ နှုန်းဖြင့် နံနက်စာကို အာဟာရပြည့်ဝစွာကျွေးမွေးနိုင်
သော်လည်း လက်ရှိဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများအရ အဟာရ စံနှုန်းဖြင့် ပြည့်ဝစွာ
ကျွေးမွေးနိုင်ရန် ဖြည့်စွက် ရန်ပုံငွေတွင် တင်ပြထားခြင်းဖြစ်ကြောင်း ဒေါ်စုစုလှိုင်က ပြောသည်။
နေ့လယ်စာကိုမူ ကျောင်းသားမိဘအသင်းများက တာဝန်ယူကျွေးမွေးသည်။
၎င်းက ထိုကဲ့သို့ ပြောကြားသော်လည်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့် ကမူ မြန်မာနိုင်ငံရှိ ကလေးများ၏
ကိုယ်အလေးချိန်၊ အရပ်အမြင့် စံနှုန်း နိမ့်ကျနေကြောင်း ပြောကြားသည်။
အသက် ငါးနှစ်အောက် ကလေးများတွင် ကျန်းမာရေးအဆင့်အတန်းအရ ရှိသင့်သော
ကိုယ်အလေးချိန်၊ အရပ်အမောင်း၊ ပိန်လှီမှု အခြေအနေမှာ ၂၀၀၇ ခုနှစ် စစ်တမ်းအရ
မြန်မာကလေးငယ် ၃၈ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်လျော့နည်းနေပြီး
၄၁ ဒသမ ၆ ရာခိုင်နှုန်းသည် အရပ်ပုနေကာ ၈ ဒသမ ၂ ရာခိုင်နှုန်းသည် ပိန်လှီနေကြောင်း၊
၂၀၁၀ ပြည့်နှစ်တွင် ၂၈ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် လျော့နည်းနေပြီး
၂၈ ဒသမ ၆ ရာခိုင်နှုန်းသည် အရပ်ပုနေကာ ရ ဒသမ ရ ရာခိုင်နှုန်းသည် ပိန်လှီနေသည်ကို
တွေ့ရှိရကြောင်း ၎င်းကပြောသည်။
















