မူကြိုအပါအဝင် အခြေခံပညာရေးစုစုပေါင်း ပညာသင်နှစ် ၁၃ နှစ်ရှိမည့် စနစ်သို့ ပြောင်းလဲရန်
သင်ရိုးများ ပြင်ဆင်ရေးဆွဲနေသော်လည်း အကောင်အထည်ဖော်ရန် မသေချာသေးကြောင်း
ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက သိရသည်။
ယခုလက်ရှိ ပညာသင်နှစ်အထိ အခြေခံပညာရေးဖွဲ့စည်းမှု ပုံစံမှာ KG+4+4+2 စနစ် ဖြစ်ကာ
အခြေခံပညာရေး၏ စုစုပေါင်းပညာသင်နှစ် ၁၁ နှစ် ဖြစ်သည်။
ပြောင်းလဲကျင့်သုံးရန် စီစဉ်နေသည့်ပုံစံမှာ အခြေခံပညာရေး၏ စုစုပေါင်းပညာသင်နှစ် ၁၃ နှစ်
ဖြစ်ပြီး မူကြိုအပါအဝင် မူလတန်းပညာသင်နှစ် ငါးနှစ်၊ အလယ်တန်းပညာသင်နှစ် လေးနှစ် နှင့်
အထက်တန်းပညာသင်နှစ် သုံးနှစ်ဖြစ်သည့် (KG+5+4+3) စနစ်ဖြစ်သည်။
၎င်း စနစ်ကို ၂၀၁၆ - ၁၇ ပညာသင်နှစ်တွင် ပြောင်းလဲကျင့်သုံးရန် ရည်ရွယ်ထားသည်။
သို့သော် ပညာသင်နှစ် တိုးမြှင့်ရန် အခြေခံလိုအပ်ချက်များ ပြည့်မီအောင်ဆောင်ရွက်သွားမည်
ဖြစ်ပြီး ၎င်းလိုအပ်ချက်များ ပြည့်မီမှသာ စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့်
လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက ပြောသည်။
"ဘယ်ပညာသင်နှစ်မှာ စမယ်ဆိုပြီး အပြင်မှာပြောနေသံတွေ ကြားတယ်။ ဘယ်ပညာသင်နှစ်မှာ
စမယ်ဆိုပြီး အတိအကျပြောလို့ မရနိုင်သေးပါဘူး။ ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အားတွေ
ထပ်ဖြည့်ရမယ်၊ ကျောင်းဆောင်တွေ ထပ်ချဲ့ရမယ်၊ အခြေခံကျတဲ့လိုအပ်ချက်တွေကို
အရင်ဖြည့်ဆည်းပြီးတော့မှ ပြောင်းလဲကျင့်သုံးသွားမှာပါ" ဟု ၎င်းကပြောသည်။
ပြောင်းလဲကျင့်သုံးရန် စီစဉ်နေသည့် အခြေခံပညာရေးစနစ် သင်ရိုးတွင် အတန်းပညာ
ဆက်လက်မသင်ကြားနိုင်သူများ အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ထည့်သွင်း
ရေးဆွဲသွားမည်ဖြစ်သည်။
"လောလောဆယ် မူလတန်းသင်ရိုး ကစပြီး ပြင်ဆင်ရေးဆွဲနေပါတယ်။ ဒီသင်ရိုးတွေထဲမှာ
အတန်းပညာဆက်လက် မသင်ကြားနိုင်တဲ့ကလေးတွေအတွက် အသက်မွေးဝမ်းကျောင်း
ပညာရပ်တွေကိုပါ ထည့်သွင်း ရေးဆွဲသွားမယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို
အခြေခံကစပြီး တတ်မြောက်သွားတဲ့အထိ ပြန်ပြီး အသုံးချနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု
၎င်းကပြောသည်။
သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရာတွင် မူကြိုတန်း၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း
သင်ရိုးများကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ၏
အကြံပြုချက်ဖြင့် ရေးဆွဲသွားမည်ဖြစ်သည်။
ယခု ပြောင်းလဲကျင့်သုံးမည့် စနစ်သည် အာဆီယံဒေသတွင်းနိုင်ငံများတွင်
လက်ခံကျင့်သုံးနေသော စနစ်ဖြစ်ပြီး မြန်မာနိုင်ငံ၌လည်း နိုင်ငံတကာတွင် လက်ခံကျင့်သုံးလျက်
ရှိသည့် အခြေခံပညာဖွဲ့စည်းပုံစနစ်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ရည်ရွယ်ပြောင်းလဲခြင်း
ဖြစ်သည်။

















