ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်း၏ အာမခံဝန်ဆောင်မှုများအနက်
မော်တော်ယာဉ်နှင့် ပတ်သက်သည့် သူတစ်ပါးထိခိုက်မှု အာမခံအမျိုးအစားသည်
အလွန်အရေးကြီးသည့်အတွက် လောလောဆယ်တွင် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပေးမည်
မဟုတ်ဘဲ နိုင်ငံတော်ကသာ လုပ်ကိုင်သင့်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး
ဒေါက်တာမောင်မောင်သိမ်းက ယခု လ ၂၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်
အစည်းအဝေး၌ ပြောကြားခဲ့သည်။
"ဒီအာမခံက အင်မတန်အရေးကြီးတဲ့ အာမခံဖြစ်နေပါတယ်။ ဒါကြောင့်မို့ လောလောဆယ်မှာ
နိုင်ငံတော်ကပဲ လုပ်တာ သင့်တော်ပါတယ်။ နောက်တစ်ချက်က ပုဂ္ဂလိက အာမခံတွေရဲ့
အရည်အသွေးကို စောင့်ကြည့်ပြီးတော့ တစ်နေ့ဆိုတာ ဘယ်နေ့ရယ်လို့ တိတိကျကျ
သတ်မှတ်လို့ မရပါဘူး။ သူတို့ရဲ့ အရည်အသွေးတွေ၊ သူတို့ရဲ့ အင်အားတွေ တိုးတက်လာတဲ့အခါ
ကျတော့ တစ်နေ့ လုပ်ခွင့်ပေးနိုင်မယ့် အနေအထားရှိပါတယ်"ဟု ၎င်းက ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက သူတစ်ပါးထိခိုက်မှု အာမခံကို
ပုဂ္ဂလိကသို့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးခဲ့ပါက ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများကဲ့သို့
၀န်ဆောင်မှုများ တိုးတက်လာပြီး အများပြည်သူအတွက် အဆင်ပြေချောမွေ့စွာ
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရပိုင်စီးပွား ရေးလုပ်ငန်းတစ်ခု ဖြစ်သည့်
မြန်မာ့အာမခံလုပ်ငန်း ကသာ လက်ဝါးကြီးအုပ် ဆောင်ရွက်နေခြင်းမှာ ဈေးကွက်စီးပွားရေးစနစ်
စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းက အာမခံလုပ်ငန်းများကို လက်ဝါးကြီးအုပ်ဖို့ အစီအစဉ် မရှိသည့်အပြင်
ရှိသည့် လုပ်ငန်းများအားလုံးကိုလည်း ပုဂ္ဂလိကသို့ တစ်ခုပြီး တစ်ခု လုပ်ကိုင်ခွင့်ပေးရန် အစီအစဉ်
ရှိကြောင်း၊ သို့သော်လည်း လက်ရှိတွင် အတွေ့အကြံု နုနယ်သေးပြီး ၀န်ထမ်းအင်အား
မရှိသေးသည့်အတွက် အားလုံးကို တစ်ပြိုင်နက်တည်း မပေးနိုင်သေးကြောင်းနှင့် ထို့သို့ပေးခဲ့ပါက
ကမောက်ကမဖြစ်ကာ ဈေးကွက် ပျက်သွားနိုင်သည့် အနေအထားရှိကြောင်း
ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
သူတစ်ပါးထိခိုက်မှုအာမခံကို အင်္ဂလိပ်ဘာသာစကားဖြင့် ပါတီ (Party) ဟု ခေါ်ဆိုလေ့ရှိပြီး
နိုင်ငံတော်က ပထမပါတီ (First Party) ဖြစ်ပြီး မော်တော်ယာဉ်ပိုင်ရှင်များက ဒုတိယပါတီဟု
သဘောထားကာ ဒုတိယပါတီကြောင့် ထိခိုက်သွားသည့် ပြည်သူများကို တတိယပါတီဟု
သဘောထားသည်ဟု သိရသည်။
"နိုင်ငံတော်က မော်တော်ကားပိုင်ရှင် ဒုတိယပါတီတွေကို လိုင်စင်ထုတ်ပေးတဲ့အတွက်ကြောင့်
အဲဒီမော်တော် ကားတိုက်လို့ သေဆုံးသွားတဲ့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို၊ မစွမ်းမသန်ဖြစ်တဲ့
သူတွေကို မော်တော်ကားပိုင်ရှင်မှာ တာဝန်ရှိသလို နိုင်ငံတော်မှာလည်း တာဝန်ရှိတဲ့
အတွက်ကြောင့် ဒါကို လျော်ကြေးပေးရမယ်ဆိုတဲ့ သဘောပါ" ဟု ဒေါက်တာမောင်မောင်သိမ်းက
ပြောကြားခဲ့သည်။
















