မြန်မာနိုင်ငံတွင် ၁၉၈၈ မတိုင်မီနှင့် ယင်းကာလ နောက်ပိုင်း ပြည်ပမှချေးယူထားသော အကြွေး
အမေရိကန်ဒေါ်လာသန်း ၉,၀၀၀ ခန့် ရှိနေသော်လည်း အကြွေးခံနိုင်ရည်ရှိသည့် နိုင်ငံအဖြစ်
ရပ်တည်နေနိုင်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
က ပြောသည်။
အစိုးရသစ် တက်လာပြီးနောက် ပြည်ပ နိုင်ငံများ၊ အဖွဲ့အစည်းများထံမှ ချေးငွေများ ရယူနေခြင်းနှင့်
ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးလာခြင်းအပေါ်
၎င်းက ယခုလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြန်လည်
ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံအနေနဲ့ ၁၉၈၈ မတိုင်ခင် ကအကြွေးနဲ့ လက်ရှိယူထားတဲ့အကြွေးပေါင်း ဒေါ်လာ
ကိုးဘီလျံ (သန်း ၉,၀၀၀) ပတ်ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ ကိုးဘီလျံဟာ များတယ်လို့
ထင်စရာရှိပေမယ့် ယနေ့ ကမ္ဘာမှာ အကြီးဆုံးစီးပွားရေးပိုင်ရှင် အမေရိကန်နိုင်ငံမှာဆိုရင် သူ့ရဲ့
ကြွေးမြီဟာ ၁၇ ဒသမ ရ ထရီလီလျံ (၁၇,၀၀၀ ဘီလျံကျော်) ရှိပါတယ်"ဟု ၎င်းကပြောသည်။
သို့သော်လည်း အဆိုပါချေးငွေများကို တာဝန်ယူသုံးစွဲနေသည့် ၀န်ကြီးဌာနများ အနေဖြင့် စိစစ်မှု
ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က ယခုလ ၁၈ ရက်နေ့
တွင် ပြည်ထောင်စု လွှတ်တော်၌ ထောက်ပြခဲ့ကြသည်။
"ယခု အစိုးရ လက်ထက်တွင် ပြည်ပ ထောက်ပ့ံမှုများမှ လည်းကောင်း၊ ချေးငွေပေးသောသူများမှ
လည်းကောင်း ချေးငွေများစွာရယူနေပြီး နောင်တက်လာမည့် အစိုးရ တာဝန်သာဖြစ်သည်ဟု
ပခုံးပေါ်တင်ပေးလိုက်ခြင်းမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ်
အလုပ်လုပ်နေကြသော ၀န်ကြီး ဌာနများအနေဖြင့် မိမိတို့ပခုံးပြောင်း တာဝန် လွှဲအပ်ရမည့်
အချိန်တွင် သုံးစွဲထားသော ငွေကြေးများအတွက် စစ်ဆေးမှုခံယူရန် ၀န်မလေးဘဲ အသင့်ရှိနေဖို့
လိုအပ်ပါတယ်" ဟု နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည့်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
ရွှေပြည်သာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး ကလည်း "မြန်မာနိုင်ငံက
ကြွေးမြီနှိုင်းယှဉ်မှု စာရင်းမှာ ၁၁၆ နိုင်ငံမြောက်ဖြစ်နေတာကို သတိထားစေလိုပါတယ်"ဟု
ပြောသည်။
ဒေါက်တာမောင်မောင်သိမ်းကမူ အကြွေးယူသောသူအနေဖြင့် အကြွေးခံနိုင်ရည် ရှိ/ မရှိ၊
တစ်နည်းအားဖြင့် အကြွေးကို ပြန်စပ်နိုင်ခြေ ရှိ /မရှိကို စိစစ်ပြီးမှသာ လက်ခံကြောင်းပြောကြား
သည်။
အကြွေးယူရာတွင် ကောင်းသည့် အကြွေးနှင့် မကောင်းသည့် အကြွေးဟူ၍ စိစစ်သည့်အပြင်
အကြွေးခံနိုင်ရည်အား စိစစ်ရာတွင်လည်း မြန်မာနိုင်ငံသည် အပေါင်းလက္ခဏာဆောင်နေသေး
ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အကြွေးခံနိုင်ရည် စိစစ်မှုတွင် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော ရာခိုင်နှုန်းများနှင့်
သတ်မှတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီနှင့် ဂျီဒီပီသည် ၃၀ ရာခိုင်နှုန်းခန့်သာ
ရှိနေသေးသောကြောင့် ကြွေးမြီခံနိုင်ရည် ရှိသေးကြောင်း သတ်မှတ်ခံထားရသည််။
"အကြွေးယူတဲ့နေရာမှာ အကျိုးရှိအောင် အသုးံချတတ်ဖို့ဟာကသာ ပိုပြီးအရေးကြီးပါတယ်"ဟု
ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
















