ပုဂ္ဂလိကစိုက်ခင်း ဧက ငါးသိန်းကျော် ပြန်သိမ်းဆည်း

ပုဂ္ဂလိကစိုက်ခင်း ဧက ငါးသိန်းကျော် ပြန်သိမ်းဆည်း

ပုဂ္ဂလိက စိုက်ခင်းတည်ထောင်ခွင့်အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
၀န်ကြီးဌာနက ခွင့်ပြုပေးနေသော်လည်း လုပ်ကိုင်ရာတွင် သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်
ဧက ငါးသိန်းကျော်ကို ပြန်လည်သိမ်းဆည်းခဲ့သည်ဟု ဒုတိယ ၀န်ကြီး ဦးအေးမြင့်မောင်က
စက်တင်ဘာလ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နိုင်မှု မရှိခြင်း၊ မြေနေရာဦးတည်ပြီး အခြားနည်းလမ်းများဖြင့်
ပြောင်းလဲအသုံးချခြင်းနှင့် မြေငှားရမ်းခများကို အချိန်ကာလအလိုက် ပေးသွင်းမှု မရှိသည့်
လုပ်ကိုင်ခွင့် ရရှိထားသူ ပုဂ္ဂလိက လုပ်ငန်းရှင် ၄၆၂ ဦး၏ ၅၂၈,၈၆၄ ဧကကို မှန်ကန်အကျိုးရှိစွာ
စိုက်ပျိုးတည်ထောင် လုပ်ကိုင်လိုသူများအတွက် မြေအသုံးချမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန်
ပြန်လည် သိမ်းဆည်းပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၀န်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ကျွန်း၊ သစ်မာနှင့် စက်မှုကုန်ကြမ်း
စိုက်ခင်းတို့ လုပ်ကိုင်ရန် ၂,၇၆၇,၁၆၅ ဧက တည်ထောင်ရန် လျှောက်ထားသူ ၁၇, ၉၂၈ ဦးအနက်
စိစစ်ရန် သတ်မှတ်ချက်များနှင့် ညီညွတ်သူ ၁၆,၉၈၆ ဦး အတွက် ၁,၂၁၀,၀၃၉ ဧကကို
ခွင့်ပြုပေးခဲ့ပြီး လျှောက်ထားသူ ရ၇၄ ဦး၏ ၈၅၃,၆၃၈ ဧကအား မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/
ပြည်နယ်များတွင် စိစစ်ဆောင်ရွက်ဆဲ ဖြစ်သည်။

သို့သော် အရေးကြီးသော ဆည်၊ တမံ၊ ရေဝေရေလဲဧရိယာအတွင်း ကျရောက်နေခြင်း၊
သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ပါ၀င်နေခြင်း၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်ခြင်း၊ ဌာနမှ
ခွင့်ပြုပေးနိုင်သည့် ပမာဏထက်ကျော်လွန်နေခြင်း၊ လုံခြံုရေး အကန့်အသတ်ရှိသော
မြေဧရိယာတွင် ကျရောက်ခြင်းစသည်တို့ကြောင့် လုပ်ငန်းရှင်း ၁၆၈ ဦးလျောက်ထားသည့်
၇၀၃,၄၈၈ ဧကအား စိုက်ခင်းတည်ထောင်ရန် ခွင့်မပြုပေးနိုင်ခဲ့ကြောင်း ဦးအေးမြင့်မောင်က
ပြောကြားခဲ့သည်။

သစ်တောစိုက်ခင်း တည်ထောင်ခွင့်လျှောက်ထားရာတွင် လျှောက်ထားသူတွင် အမှန်တကယ်
ရင်းနှီးမြှုပ်နှံနိုင်သော ငွေကြေးပိုင်ဆိုင်မှု အထောက်အထားများ၊ မြေနေရာဦးလို၍ မဟုတ်ဘဲ
အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်လိုခြင်း၊ သစ်တောလုပ်ငန်း/ သစ်တောကဏ္ဍနှင့် ဆက်နွယ်သော
လုပ်ငန်းအတွေ့အကြံုနှင့် ကျွမ်းကျင် ၀န်ထမ်း/ လုပ်သားများစသည်တို့ ရှိ၊ မရှိကို စိစစ်ခြင်းဖြင့်
လည်းကောင်း၊ လျှောက်ထားသည့် မြေနေရာနှင့် ပတ်သက်၍လည်း စိုက်ခင်းတည်ထောင်
ထားသော အလုပ်တိုက်နယ်အတွင်း ပါ၀င်ခြင်း၊ သတ်မှတ်ထားသော ပုဂ္ဂလိကစိုက်ခင်းဇုန်အတွင်း
ကျရောက်မှု၊ အရေးကြီးဆည်နှင့် ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာနှင့် လွတ်ကင်းမှု၊
မူလ တောအခြေအနေအရ သစ်ပင်ပြန်လည် စိုက်ပျိုးရန် လိုအပ်ခြင်း၊ ဌာနေစိုက်ခင်းနှင့်
အခြားသစ်တောလုပ်ငန်းများ ဆောင်ရွက်ထားသည့် မြေနေရာနှင့် ကင်းလွတ်မှု၊ စိုက်ပျိုး
လုပ်ကိုင်လိုသည့် သစ်မျိုးနှင့် မြေ အမျိုးအစားကိုက်ညီမှုနှင့် လယ်သို့မဟုတ် ယာမြေများနှင့်
ကင်းလွတ်မှု ရှိ၊ မရှိတို့ကို စိစစ်ရသည်။

စိစစ်ချက်များနှင့် ညီညွတ်ပါက ပုဂ္ဂလိက ကျွန်းစိုက်ခင်း လျှောက်ထားခြင်းအပေါ် ပြည်ထောင်စု
အစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူခြင်း၊ ရော်ဘာ၊ ဆီအုန်းစသည့် စက်မှုကုန်ကြမ်းစိုက်ခင်း
လျှောက်ထားခြင်းဖြစ်ပါက ပြည်ထောင်စုဝန်ကြီးဌာနကော်မတီမှ အတည်ပြုခွင့်ပြုခြင်းနှင့် ပုဂ္ဂလိက
သစ်မာ စိုက်ခင်းစိုက်ပျိုးခွင့်ကိုမူ သစ်တောဦးစီးဌာနက ခွင့်ပြုပေးမည်ဖြစ်သည်။

လျှောက်ထားမှုများအား ကိုယ်တိုင် ကိုယ်ကျ လာရောက်လျောက်ထားရသော်လည်း ယခုအခါ
အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဟု ဦးအေးမြင့်မောင်က ပြောသည်။

ထို့ပြင် မြေနေရာ လုပ်ကိုင်ခွင့် ခွင့်ပြုချက် ရရှိရေးလုပ်ငန်းစဉ်တွင်လည်း လျော့ချနိုင်သည့်
လုပ်ငန်းအဆင့်များကို လျော့ချ၍ ဆောင်ရွက်သွားမည်ဟု ဦးအေးမြင့်မောင် က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး