နေပြည်တော်တွင် ယခု အောက်တိုဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပမည့်
ကျောက်မျက်ပြပွဲအတွက် ကျောက်မျက်အတွဲပေါင်း ရ,၀၀၀ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း
မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်းများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ဒီပွဲအတွက်ဆိုရင် အတွဲပေါင်းက ရ,၀၀၀ ကျော်နေပြီ။ တစ်နေ့ကပဲ ရ,၅၀၀ နီးပါးအထိ ရှိနေပြီ။
အောက်တိုဘာ ရ ရက်အထိ လက်ခံဦးမှာဆိုတော့ သေချာတယ် ရ,၅၀၀ ကျော်လိမ့်မယ်"ဟု
မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်းများအသင်းမှ ဦးအောင်နိုင်ဦးက ပြောကြားသည်။
ပြည်တွင်း လုပ်ငန်းရှင်အချင်းချင်း ကျပ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်မည့် အဆိုပါပွဲတွင်
တန်ဖိုးကြီး ကျောက်စိမ်း ကျောက်မျက်များ ပါ၀င်မည်မဟုတ်ဘဲ အဆင့်နိမ့်ကျောက်သား
များကိုသာ လေလံစနစ်၊ တင်ဒါစနစ် များဖြင့်ပြသရောင်းချမည်ဖြစ်သည်။
ထို့ပြင်ကျောက်မျက်အတွဲများ၏ အခြေခံ ဈေးနှုန်းကိုလည်း ကျပ် ၁၀ သိန်းထားပြီး၊ ကုန်သည်များ
အနေဖြင့် မိမိ၀ယ်ယူလိုသည့် ပမာဏကို ခန့်မှန်းတွက်ချက်ကာ တန်ဖိုး၏ ငါးရာခိုင်နှုန်းကို
အာမခံစပေါ်ငွေအဖြစ် ကြိုတင်ပေးသွင်ထားရန်လည်း ပြိုင်ပွဲကျင်းပရေးကော်မတီက စည်းကမ်း
ပြင်ဆင်ထားသည်။
သတ္တုတွင်းဝန်ကြီးဌာနသည် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲများအား မြန်မာကျပ်ငွေဖြင့်
ရောင်းချသည့်ပွဲ၊ နိုင်ငံခြားငွေဖြင့် ရောင်းချသည့်ပွဲဟူ၍ ခွဲခြားပြုလုပ်ကာ ယခုပြပွဲသည်
၂၀၁၄ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ပြုလုပ်သည့် ပြပွဲဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦး
က ပြောသည်။
















