၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ
မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သော
ပြဋ္ဌာန်းချက်အား နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် သုံးသပ်လျက်ရှိကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားသည်။
"မူးယစ်ဆေးဝါးသုံးစွဲသူကို ဥပဒေပုဒ်မ ၁၅ အရ အရေးယူခြင်းနှင့် ပတ်သက်၍ ဥပဒေပြင်ဆင်
ပြဋ္ဌာန်းရန်အတွက် မူးယစ် ဗဟို၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး
တို့မှ ညှိနှိုင်းရေးဆွဲလျက်ရှိပါတယ်"ဟု ဒုတိယဝန်ကြီးက အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့်
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးအတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းများဆိုင်ရာရုံး
(UNODC)နှင့်အခြားသောနိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ဥပဒေကျွမ်းကျင်သူ
များနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီးက ထိုကဲ့သို့ပြောကြားခဲ့သော်လည်း ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုံကွမ်(ခ) ဒူဝါခမိုင်တန်ကမူ မူးယစ်ဆေးဝါး အသေးစား
ရောင်းဝယ်ခြင်း နှင့် ရှူရှိုက်သောက်သုံးသော လူငယ်လူရွယ်များကို တစ်ပြေးညီ ဥပဒေဖြင့်
ထောင်ဒဏ် ငါးနှစ်၊ ၁၀ နှစ်နှင့် ၁၅ နှစ်အထိ ချမှတ်အပြစ်ပေးလေ့ရှိကြောင်း ပြောကြားသည်။
ထိုကဲ့သို့ များပြားသောပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် မိဘမဲ့ကလေးများ၊ အိုးအိမ်မဲ့ ကလေးများ၊
မှီခိုရာမဲ့ကလေးများ ဖြစ်ကြရကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
"မူးယစ်ဆေးဝါး ကိုင်ဆောင်စားသောက်နေတဲ့ လူငယ်လူရွယ်များကို ၅ နှစ်၊ ၁၀နှစ်
အချုပ်ထောင်ထဲ ထည့်နေမယ့်အစား လူသားအရင်းအမြစ် ကယ်တင်တဲ့နည်းလမ်းဖြင့်
မူးယစ်ဆေးဝါးဘိန်းဖြတ်စခန်းများကို ပို့ဆောင်စောင့်ရှောက်အနားယူခိုင်းပြီး ကျန်းမာရေးအဖွဲ့များ
နှင့်ပူးပေါင်းကာ မူးယစ်ဆေးဝါး လုံးဝမပါ၀င်တဲ့ ၀မ်းလျှော၊ ၀မ်းပိတ်နှင့် အားဆေးများသာ
တိုက်ကျွေး စောင့်ရှောက်ကုသသည့်နည်းဖြင့် ကုသရန်လိုအပ်သည်ဟု တင်ပြလိုပါသည်"ဟု
ဦးခမိုင်မုံကွမ်က ပြောကြားသည်။
ပြည်တွင်း ပဋိပက္ခဖြစ်ပွားရာ ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးမှု များနေသည့်အပြင်
လူငယ်များလည်း ရောင်းဝယ်သုံးစွဲမှုများ မြင့်တက်လျက်ရှိရာ ဒေသခံကိုယ်စားလှယ်များက
အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး လွှတ်တော်တွင်မကြာခဏ တင်ပြခဲ့ကြသည်။
"ရွှေတွင်း၊ ကျောက်တွင်း လုပ်ကိုင်တဲ့ စီးပွားရေးသမားတွေ အောက်ပြည်ကနေ တက်လာတဲ့
အခါမှာ မူးယစ်ဆေးဝါးက တစ်ခါတည်း တွဲပြီးပါလာတာ။ နောက်ပြီး လူတွေကို အလုပ်ခိုင်းတဲ့
နေရာမှာလည်း မူးယစ်ဆေးဝါးကို ကိရိယာတစ်ခု အနေနဲ့အသုံးပြုကြတယ်။ ဒါကိုနိုင်ငံတော်က
မလုပ်တဲ့အခါကြတော့ လူထုက လှုပ်ရှားမှုအသွင်နဲ့ ကိုယ်တိုင်လုပ်ကြတာ"ဟု ကချင်ပြည်နယ်၊
မချမ်းဘောမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖုန်ဆန်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး
ဗဟိုအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ဆေးကုသရေးအဖွဲ့အနေဖြင့် မူးယစ်ဆေးစွဲရောဂါကုသရေးဌာနများ
ဖြစ်သောဆေးကု ဌာနကြီး (Major DrugTreatment Centre) ၂၆ ခုကို ပြည်နယ်နှင့်
တိုင်းဒေသကြီးများရှိ ခုတင်၂၀၀ နှင့်အထက်ရှိသော ဆေးရုံများတွင်လည်းကောင်း၊
ဆေးကုဌာနငယ် (Minor Drug Treatment Centre) ၄၇ ခုကို တိုင်းဒေသကြီးနှင့်
ပြည်နယ်များရှိ ခုတင် ၂၀၀ အောက် ဆေးရုံများတွင်လည်းကောင်း ဖွင့်လှစ်ထာရှိကြောင်း
ဒုတိယဝန်ကြီးက ပြောသည်။
ထို့ပြင် မူးယစ်ဆေးသုံးစွဲသူများကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံနှင့်
တာချီလိတ်တို့တွင် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ထားရှိကာ ဒေသနှင့် ကိုက်ညီသော
အသက်မွေးဝမ်းကျောင်းပညာရပ်များကိုပါ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
လူငယ်ပြုစု ပျိုးထောင်ရေးစခန်းများကိုလည်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ရွှေပြည်သာစခန်း နှင့်
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ရှိ ရွှေပြည်အေး စခန်းများဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်မှ
၂၀၁၃-၁၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော်လည်း ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်း၊
စိတ်ကြွဆေးဝါး သုံးစွဲမှုများ လူငယ်ထုအတွင်ပိုမိုပျံ့နှံ့လာခြင်း၊ အခြားစိတ်ကြွဆေးဝါးများ
ပေါ်ထွက်လာခြင်း စသည့်အခြေအနေများကိုပါ ထိန်းချုပ်နိုင်ရန်အတွက် စီမံကိန်းကာလကိုလည်း
၂၀၁၃-၁၅ ခုနှစ်မှ ၂၀၁၈-၁၉ ခုနှစ်အထိ နောက်ထပ် ငါးနှစ်သက်တမ်း တိုးခဲ့ပြီးဖြစ်သည်။
နောက်ထပ် သက်တမ်းတိုးထားသော စီမံကိန်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုပပျောက်ရေး၊
သုးံစွဲမှုပပျောက်ရေး၊ တားဆီး နှိမ်နင်းရေး၊ ပြည်သူလူထုနှင့် အခြားအဖွဲ့ အစည်းများ ပူးပေါင်း
ဆောင်ရွက်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးများကို ဘိန်းအဓိကစိုက်ပျိုးရာ
ဒေသများဖြစ်သည့် ရှမ်း၊ ကချင်၊ ကယား၊ ချင်းပြည်နယ်များရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ်တွင်
ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်ကလည်း လွှတ်တော်တွင် ဝေဖန်ထားသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် အခြားစီမံကိန်းများတွင် အောင်မြင်နေသော်
လည်း မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းမှာမူ မအောင်မြင်ကြောင်း၊ ပြည်သူများအတွင်း
ပဲကြီးလှော်စားသကဲ့သို့ပင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင်သုံးစွဲနေကြကြောင်း
ဒသမအကြိမ်မြောက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ထောက်ပြခဲ့သည်။
















