နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများအား သားငါးကဏ္ဍ ဖွံ့ဖြိုးရေးနှင့်
ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
၀န်ကြီးဌာနက ကျေးရွာအုပ်စု တစ်အုပ်စုလျင် ကျပ်သိန်း ၃၀၀ စီထုတ်ချေး ပေးနိုင်ရန်
ပြင်ဆင်နေကြောင်း အဆိုပါ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ထုတ်ချေးနိုင်ရန်အတွက် ကျေးရွာအုပ်စုအလိုက် အသိပညာပေး ဟောပြောမှုများကို
လှည့်လည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော်၊
ပျဉ်းမနားမြို့ ကံဦးကျေးရွာအုပ်စုတွင် ပတ်ဝန်းကျင်ကျေးရွာအုပ်စုမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံရှင်းလင်းပွဲ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
အဆိုပါ အစီအစဉ်သည် ကမ္ဘာ့ဘဏ် အထောက်အပံ့ အမေရိကန်ဒေါ်လာသန်း ၈၀ ဖြင့်
ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင် စီမံကိန်း၏ အဆက်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ဆောင်ရွက်ခဲ့သော မြစိမ်းရောင်စီမံကိန်းအရ ချေးငွေထောက်ပ့ံမှု မရရှိလိုက်သော ကျေးရွာများကို
ချေးငွေထောက်ပ့ံနိုင်ရန် စီစဉ်ခဲ့ရာတွင် ဘဏ္ဍာရေးအခြေအနေအရ နေပြည်တော်ကောင်စီနယ်မြေ
အတွင်းရှိ ကျေးရွာများကို ချေးငွေထောက်ပ့ံပေးရန် စီစဉ်ရခြင်း ဖြစ်သည်ဟုဆိုသည်။
ယခု ထုတ်ချေးမည့် ချေးငွေကို ရယူလိုသော ကျေးရွာများအနေဖြင့် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့်
ဆောင်ရွက်ခဲ့သော မြစိမ်းရောင်စီမံကိန်းကဲ့သို့ မြစိမ်းရောင်ကော်မတီများအား ဖွဲ့စည်းထူထောင်
ရမည်ဖြစ်ပြီး ယင်းကော်မတီကို ကျေးလက်ဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ချေးမည်ဖြစ်သည်။
"ကျေးရွာတွေအနေနဲ့ ကျေးရွာအုပ်စုအလိုက် ဒီစိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့လုပ်ငန်းတွေကို
ချေးငွေနဲ့ဆောင်ရွက်နိုင်ရန် ကော်မတီဖွဲ့ဖို့ ကွင်းဆင်းပြီး ပြောပြ၊ ရှင်းပြပါလို့ ပြောတဲ့အတွက်
ဒီနေ့ကျွန်တော်တို့ ဒီမှာ ရောက်လာတာပါ"ဟု ဦးကိုကိုနိုင်က ပြောကြားသည်။
ချေးငွေကိုစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ဦးစားပေး ချေးစေလိုကြောင်းလည်း
၎င်းကပြောသည်။
ချေးငွေကို တစ်လလျင်အတိုး ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ပြီး ကော်မတီကမူ
သုံးစွဲသူများထံ တစ်လလျင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ထုတ်ချေးမည်ဖြစ်သည်။
အဆိုပါအတိုးများထဲမှ ဒသမ ၄၀ ရာခိုင်နှုန်းကို ကော်မတီရန်ပုံငွေအဖြစ် ထားရှိမည်ဖြစ်သည်။
ချေးငွေသည် သက်တမ်းအားဖြင့် တစ်နှစ်ဖြစ်ပြီး အတိုးကိုလည်း သုံးလလျင် တစ်ကြိမ်
ပေးဆပ်ရမည်ဖြစ်သည်။
သုံးလကျော်လွန်၍ အတိုးမဆပ်ပါက အရင်းတွင်အတိုးကို ထည့်ပေါင်းကာတွက်ချက်သွာမည်
ဖြစ်သည်။
သို့သော်လည်း ကော်မတီများ ဖွံ့စည်းရာတွင် အမျိုးသားများချည်း ပါ၀င်နေ၍ မရဘဲ
အမျိုးသမီးများလည်း ပါ၀င်နေရမည်ဟု ဆိုသည်။
"ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးနဲ့ စာရင်းကိုင်ထဲမှာ အမျိုးသမီး တစ်ယောက်ယောက်တော့ မဖြစ်မနေ
ထည့်ရပါမယ်"ဟု ဦးကိုကိုနိုင်က တက်ရောက်လာသော ပတ်ဝန်းကျင်ကျေး ရွာအုပ်စုများမှ
ရာအိမ်မှူး၊ ရပ်မိရပ်ဖ၊ တောင်သူ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပြောသည်။
ယခင်မြစိမ်းရောင်စီမံကိန်းအရ ဖွဲ့စည်းခဲ့ကြသော ကျေးရွာအုပ်စုကော်မတီအချို့ တွင်မူ
အမျိုးသမီးတစ်ယောက်မှ မပါ၀င်ဘဲ ဖွဲ့စည်းထားသော ကော်မတီများလည်း ရှိနေသည်။
သို့သော်လည်း တက်ရောက်လာသည့် ဒေသခံအချို့မူ ချေးငွေ ကျပ်သိန်း ၃၀၀ သည်
ကျေးရွာတိုင်းအတွက် မထိရောက်နိုင်ကြောင်း ပြောသည်။
"တချို့အုပ်စုတွေမှာဆိုရင် ရွာသုံးရွာ လေးရွာ ပါ၀င်နေတာ ဆိုတော့အိမ်ခြေအားဖြင့် ၅၀၀ အထက်
၆၀၀၊ ရ၀၀ စသဖြင့်ရှိမယ်။ အဲဒီလိုအုပ်စုတွေမှာ အကယ်၍များ အဝေမတဲ့ရင် သူ့ကြတော့
ဦးစားပေးတယ်၊ ငါကြတော့မရဘူး ဆိုပြီး အငြင်းပွားတာတွေတောင်ဖြစ်လာနိုင်တယ်"ဟု
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကံဦးအုပ်စုမှ ဦးထွန်းဝေ က ပြောကြားသည်။
ချေးငွေသည် အတိုးသက်သာသော ချေးငွေဟုဆိုသော်လည်း တောင်သူနှင့် လက်လုပ်လက်စား
များကို အလုပ်အကိုင်များ မဖန်တီးပေးဘဲ ငွေထုတ်ပေးနေသည့် သဘောမျိုးသက်ရောက်နေကာ
အကြွေးနွံနစ်သွားနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
















