နေပြည်တော်အတွက် သုံးစွဲရန် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေး
ကော်မတီတို့က ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းတွင် ကျပ် ၁၃ ဘီလျံခန့်ကို ထည့်သွင်း
တောင်းခံထားကြောင်း ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီအတွင်းရေးမှူး
ဦးစောလှထွန်းက လွှတ်တော်သို့ ပြောကြားသည်။
ဖြည့်စွက်ခွင့်ပြုငွေ တောင်ခံထားသည့် စာရင်းတွင် နေပြည်တော်ကောင်စီက ၈ ဒသမ ၄၅၁ ဘီလျံ
နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ၄ ဒသမ ၆၅၀ ဘီလျံ အသီးသီး ထည့်သွင်း
တောင်းခံထားကြောင်း ယခုလ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
တွင် ၎င်းက ကော်မတီကိုယ်စား တင်ပြခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်အတွက် မူလ ခွင့်ပြုငွေတောင်းခံရာတွင် သာမန်အသုံးစရိတ်အဖြစ်
ကျပ်သန်း ၂၄၀ ဒသမ ၂ သန်းကို နေပြည်တော်ကောင်စီက တောင်းခံခဲ့သကဲ့သို့ လွှတ်တော်
ကလည်း ထိုပမာဏအတိုင်းပင် ခွင့်ပြုခဲ့ကြောင်း၊ ဧပြီလမှ ဩဂုတ်လအထိ ငါးလ အတွင်း
၈၉ သန်း သုံးစွဲခဲ့ပြီး ၁၅၁ သန်း ကျန်ရှိ နေသော်လည်း နောက်ထပ် ခုနစ်လအတွက် သာမန်
အသုံးစရိတ်အဖြစ် ကျပ်သန်း ၅၀၀ နှင့် ထောက်ပ့ံငွေအဖြစ် ကျပ်သန်း ၈၀၀ ကို ထပ်မံ
တောင်းခံလာခြင်း ဖြစ်ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။
သာမန်အသုံးစရိတ် ကျပ်သန်း ၅၀၀ သည် တစ်နှစ်စာအတွက် နှစ်စဉ်ပုံမှန် သုံးစွဲနေသော
အသုံးစရိတ်ဖြစ်သောကြောင့် မူလ ဘဏ္ဍာနှစ် အသုံးစရိတ် လျာထားချက်တွင် ထည့်သွင်း
တောင်ခံသင့်သော်လည်း သန်း ၂၄၀ ကိုသာတောင်းခံခဲ့ပြီး ဖြည့်စွက်တွင် ယခုကဲ့သို့ တစ်နှစ်စာ
အသုးံစရိတ်ကို ထပ်မံတောင်းခံခြင်းမျိုး မဖြစ်သင့်သောကြောင့် သန်း ၂၅၀ ကို လျှော့ချပြီး
သန်း ၂၅၀ ကိုသာ ခွင့်ပြုသင့်ကြောင်း ကော်မတီက သုံးသပ်ခဲ့သည်။
သို့သော်လည်း ဥပဒေကြမ်းပူးပေါင်း ကော်မတီသည် နေပြည်တော်စည်ပင်သာယာရေး၏
တင်ပြတောင်ခံမှုကိုမူ သီးခြားတင်ပြခဲ့ခြင်း မရှိပေ။
ယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုလွှတ်တော်က ကနဦးခွင့်ပြုခဲ့သော မူလခွင့်ပြုငွေ
အသုံးစရိတ်တွင် နေပြည်တော် ကောင်စီအတွက် ဘီလျံ ၁၁၀ ခန့်နှင့် နေပြည်တော်
စည်ပင်သာယာရေးကော်မတီအတွက် ၁၈ ဘီလျံခန့်တို့ကို ခွင့်ပြုခဲ့သည်။

















