အမျိုးသား မြေအသုံးချမှု မူဝါဒသစ်တစ်ရပ် ချမှတ်နိုင်ရန် ပြုစုထားသည့် မြေအသုံးချမှု
မူဝါဒမူကြမ်းနှင့် ပတ်သက်သည့် အများပြည်သူ အကြံပြုချက်များကို အစိုးရက
စတင်ဖိတ်ခေါ်လျက်ရှိသည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သည့် မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး
ကော်မတီက အဆိုပါ မူဝါဒမူကြမ်းကို ရေးဆွဲခဲ့ပြီး အောက်တိုဘာလ တတိယပတ် တွင်
အရပ်ဘက်အဖွဲ့အစည်းများနှင့် အများပြည်သူသို့ စတင်ဖြန့်ဝေကာ အကြံပြုချက်များ
ဖိတ်ခေါ်ခဲ့သည်။
ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၎င်းမူဝါဒမူကြမ်း ရှင်းလင်းဆွေးနွေးပွဲများ
ကျင်းပမည်ဖြစ်ပြီး မြေယာအခွင့်အရေး လှုပ်ရှားသူများ၊ လူမှုအဖွဲ့အစည်းများနှင့် အများပြည်သူ
တစ်ဦးချင်းထံမှ ဝေဖန်အကြံပြုချက်များ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
"တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ပြန်ချ ပြဦးမယ်။ နိုင်ဝင်ဘာလမှာ စချပြမယ်။ နိုဝင်ဘာလ
တစ်လလုံး သွားမယ်ထင်တယ်" ဟု အဆိုပါ ကော်မတီဝင်တစ်ဦးဖြစ်သည့် ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမောင်စိန်က ပြောသည်။
"ပေးပို့ချက်တွေကို မှတ်တမ်းတစ်ခုဖြစ်အောင် လုပ်ပါမယ်။ (သစ်တောဦးစီးဌာန
နေပြည်တော် ရုံးချုပ်သို့) စာရေးပြီးလည်း ပို့လို့ ရတယ်။ အင်တာနက်ကနေလည်း
(www.fdmoecaf.gov.mm/newdesign) ပေးလို့ ရတယ်" ဟု ၎င်းက ပြောသည်။
မူကြမ်းကို ၀က်ဘ်ဆိုက် စာအုပ်စာတမ်းများ/ဥပဒေများ ကဏ္ဍတွင် ရယူနိုင်သည်။
မြေယာမူဝါဒသစ်ချမှတ်ရန် အစိုးရ၏ အမျိုးသားအဆင့် အရေးယူဆောင်ရွက်မှုနှင့် အများပြည်သူ
ဝေဖန်အကြံပြုချက်များ ရယူမှုအပေါ် တောင်သူလယ်သမား အခွင့်အရေး လှုပ်ရှားသူများနှင့်
အရပ်ဘက် အဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။
"ဘာပဲပြောပြော မြေယာမူဝါဒချဖို့အတွက် ပထမဆုံးအဖြစ် ပြည်သူနဲ့ free consultation
လုပ်လာတာကို ချီးကျူးပါတယ်"ဟု စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ အစိုးရ မဟုတ်သော
အဖွဲ့အစည်း ၆၀ ကျော်နှင့် ချိတ်ဆက်ထားသည့် စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(FSWG) မှ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါက်တာဥမ္မာခိုင်က ပြောသည်။
အဆိုပါ မူဝါဒမူကြမ်းကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ 'နိုင်ငံတော်သည် နိုင်ငံတော်ရှိ
မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်း
အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်' ဟူသော မူဝါဒ ဘောင်အတွင်းမှ ချမှတ်ထားခြင်းဖြစ်ပြီး
မြေယာ သိမ်းဆည်းမှုများ၊ သတ်မှတ်မြေတွင် အသုံးချမှုပုံစံ ပြောင်းလဲခြင်းများအပေါ်
ကန့်သတ်မှုများကို ဆက်လက် ခွင့်ပြုထားသည်။
အပိုင်း (၁၂) ပိုင်း၊ စာမျက်နှာ ၉၃ မျက်နှာပါ မူကြမ်းတွင် စီမံကိန်းရေးဆွဲခြင်းနှင့် မြေအသုံးချမှုပုံစံ
ပြောင်းလဲခြင်း၊ မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်
ထူထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံပိုင်မြေများကို လုပ်ကိုင်ခွင့်ပြုခြင်းနှင့်
ငှားရမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တိုင်းရင်းသား လူမျိုးစုများ၏ မြေအသုံးပြုမှု
အခွင့်အရေးများ စသည့် အပိုင်းများ ပါ၀င်သည်။
ပြင်ပ ပညာရှင်နှင့် အများပြည်သူ ဝေဖန်အကြံပြုချက်များအနေဖြင့်မူ မူကြမ်းပါ အခြေခံမူဝါဒများ
အပေါ် သက်ရောက်မှု မရှိနိုင်ဘဲ ပိုမိုပြည့်စုံရန် ဖြည့်စွက်ချက်များအဖြစ်သာ အသုံးပြုနိုင်ဖွယ်
ရှိကြောင်း အဆိုပါ ကော်မတီမှ သိရသည်။
မူဝါဒမူကြမ်းကို အတည်ပြုပြီးပါက ယင်း မူဝါဒဖြင့် အမျိုးသားမြေအရင်းအမြစ် ဥပဒေမူကြမ်းကို
ဆက်လက်ရေးဆွဲမည်ဖြစ်ပြီး လွှတ်တော်တွင် ထပ်မံဆွေးနွေးရန် တင်သွင်းမည် ဖြစ်သည်။
လက်ရှိမူဝါဒသည် တည်ဆဲ မြေယာ အငြင်းပွားမှုများနှင့် မြေယာသိမ်းဆည်းမှုများကို စနစ်တကျ
ဖြေရှင်းနိုင်ရန် ဦးတည်ထားပြီး အနာဂတ်တွင် မူဝါဒပြောင်းလဲနိုင်ရန် ထည့်သွင်းထားကြောင်း
ဦးအေးမောင်စိန်က ပြောသည်။
"မူဝါဒမှာကိုက ငါးနှစ်တစ်ကြိမ် ပြန်ပြီးသုံးသပ် (review) မယ်လို့ ပြောထားတယ်။
မြေအသုံးချတဲ့သူ အားလုံးကို မြေယာ လုပ်ကိုင်ခွင့် အခွင့်အရေးတွေ ခိုင်မာဖို့နဲ့ လုံခြံုမှု ရှိဖို့
စဉ်စားတာပဲ။ မြေသိမ်းဆည်းတဲ့ လုပ်ငန်းတွေကို စနစ်တကျလေးနဲ့ ဥပဒေအတိုင်း လုပ်ဖို့လိုမယ်။
လိုအပ်ရင် အများပြည်သူ အကျိုးငှာ (မြေသိမ်းဆည်းမှု) လုပ်တဲ့ဟာတွေ လုပ်ရမှာပဲလေ" ဟု
၎င်းက ပြောသည်။
















