လယ်ယာသုံးစက်နှင့် လျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း အထူးသင်တန်း ဖွင့်မည်

လယ်ယာသုံးစက်နှင့် လျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း အထူးသင်တန်း ဖွင့်မည်

နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နည်းပညာအထက်တန်းကျောင်းတွင် လယ်ယာသုံးစက်နှင့်
လျှပ်စစ်ပစ္စည်း ပြုပြင်နည်းသင်တန်းကို အထူးသင်တန်းအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး က ပြောသည်။

ဒေသတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် လူအင်အား မလုံလောက်မှု
ကို ဖြည့်တင်းရန်အတွက် ရည်ရွယ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်က
တောင်သူလယ်သမားများနှင့် ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ဆုံစဉ် ၎င်းက ပြောသည်။

လျှပ်စစ်သင်တန်းသည် သင်တန်းကာလ နှစ်နှစ်ခွဲအထိ ဆက်တိုက်တက်ရန်မလိုပဲ လေးလ၊
ခြောက်လ စသည်ဖြင့် တတ်အောင်သင်ပေးသည့် သင်တန်းဖြစ်သည်။

"ဒီလျှပ်စစ်သင်တန်း တက်ထားရင် ကိုယ့်ရွာမှာ မီးလိုင်းဆွဲတာတွေ လုပ်နိုင်မယ်။ အပြင်မှာရှိတဲ့
လိုင်းကြိုးကြီးတွေအထိ ကိုင်နိုင်တဲ့ အဆင့်ကိုရောက်မယ်"ဟု ဒေါက်တာ ကိုကိုဦးက ပြောသည်။

၀န်ကြီးဌာနအောက်ရှိ နည်းပညာအထက်တန်းကျောင်းများတွင် လာမည့်၂၀၁၅ ခုနှစ်မှ စတင်ပြီး
လက်ရှိသင်ကြားနေသော ဘာသာရပ်များအပြင် လယ်ယာလုပ်ငန်းခွင်သုံးစက် ပစ္စည်းများ
ပြုပြင်အသုံးပြုနည်း သင်တန်းကိုလည်း တစ်နိုင်ငံလုံးတွင် တိုးချဲ့သင်ကြားပေးသွားမည်ဖြစ်သည်။

"နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်ကနေစပြီးတော့ လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး ကျောင်းတွေမှာ လယ်ယာသုံး
စက်ပစ္စည်းကိရိယာတွေနဲ့ ပတ်သက်ပြီးတော့ သင်ကြားပြသပေးဖို့ရာ ရှိပါတယ်"ဟု
ဒေါက်တာကိုကိုဦး ကပြောသည်။

သို့သော် စက်အရွယ်အစားနှင့် အမျိုးအစားအလိုက် ကျွမ်းကျင်သည့် အဆင့်ရောက်အောင်
ပေးရမည့် သင်တန်းများ သတ်မှတ်နိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
၀န်ကြီးဌာန၊ စက်မှု ၀န်ကြီးဌာနတို့မှ ပညာရှင်များနှင့် ဆွေးနွေးဦးမည်ဖြစ်သည်။

"ဒီလယ်ယာသုံး စက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ သင်တန်းကို တက်မယ်ဆိုရင် ဘယ်လို
ပညာအရည်အချင်းမျိုးမဆို သင်ကြားတာကို သင်ယူနိုင်ရင် ရွေးမယ်"ဟု ဒေါက်တာကိုကိုဦး
က ပြောသည်။

လက်ရှိ၌ အဆိုပါကျောင်းများတွင် ယာဉ်ပြင်သင်တန်း၊ လျှပ်စစ်ပစ္စည်းကိရိယာ ပြုပြင်နည်း
သင်တန်းနှင့် ကွန်ပျူတာသင်တန်းများ သင်ကြားပေးနေသည်။

ကျောင်းမှ ထူးချွန်သည့်ကျောင်းသားများသည် ၀န်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်များ
သို့ ဆက်လက်တက်ရောက်နိုင်ပြီး ရိုးရိုးအောင်သည့် ကျောင်းသားများသည် စက်မှုလက်မှုသိပ္ပံသို့
ဆက်တက်နိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး