သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို နေပြည်တော် တောင်သူများ ယုံကြည်မှု နည်းနေသေးဟုဆို

သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို နေပြည်တော် တောင်သူများ ယုံကြည်မှု နည်းနေသေးဟုဆို

နေပြည်တော် ကောင်စီနယ်မြေတွင် လယ်ယာထွက်ကုန် တိုးတက်ရေးအတွက် သိပ္ပံနည်းကျ
စိုက်နည်းစနစ် ထွန်းကားရန် အစိုးရက တွန်းအားပေးလျက် ရှိသော်လည်း ဒေသခံတောင်သူများ
မှာမူ ယင်းစနစ်အပေါ် ယုံကြည်လက်ခံမှု နည်းနေသေးကြောင်း နေပြည်တော်ကောင်စီဝင်၊
စိုက်ပျိုးရေး တာဝန်ခံ ဦးမြင့်ရွှေက ပြောသည်။

"အားအနည်းဆုံးကတော့ စိတ်ဓာတ်ပြောင်းလဲမှုပါ။ မြန်မာလူမျိုးပီပီ ရောင့်ရဲတတ်တဲ့ စိတ်ဓာတ်က
မပြောင်းလဲသေးပါဘူး။ ငါ့လယ်မှာ ဒီလောက်ပဲ စိုက်လိုက်မယ်ကွာ၊ တင်း ရ၀ ထွက်လည်း
တော်ပါပြီ။ ဒီလောက်ဆို ရပြီဆိုတဲ့ ရောင့်ရဲတဲ့စိတ်တွေ မပျောက်သေးပါဘူး။ နောက်တစ်ခုက
ယုံကြည်မှု စိတ်ဓာတ်တွေကလည်း နည်းနေပါသေးတယ်"ဟု ဦးမြင့်ရွှေက နေပြည်တော် ဒေသခံ
တောင်သူများနှင့် ပြီးခဲ့သည့်အပတ်က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်ထောင်စု နယ်မြေဖြစ်ဖြစ်သော နေပြည်တော်၌ တစ်နိုင်ငံလုံးအတွက်စံပြအဖြစ် နိုင်ငံတော်
သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများက
စက်မှုလယ်ယာစနစ်များ ဖော်ထုတ်ပြီး သိပ္ပံနည်းကျ စိုက်နည်းစနစ်ကို တောင်သူများ
လိုက်ပါလုပ်ဆောင်ရန် စည်းရုံးလျက် ရှိသော်လည်း လူကြီးများ မြင်ကွင်းတွင်သာ ထိုကဲ့သို့
လိုက်နာပြီး မျက်ကွယ်တွင် ရှိသည့် လယ်များတွင်မူ မိရိုးဖလာနည်းအတိုင်းသာ စိုက်ပျိုးနေလျက်
ရှိသည်။

"မြို့နယ်အလိုက် ကွင်းတွေ သွားကြည့်ရင် မိရိုးဖလာနည်းတွေနဲ့ စိုက်တာပဲတွေ့ ရတယ်"ဟု
ဦးမြင့်ရွှေက ပြောသည်။

စပါးစိုက်ဧက ၁၆၀,၀၀၀ ရှိသော နေပြည်တော်၌ စက်မှုလယ်ယာစနစ် အကောင်အထည်
ဖော်နိုင်သည့် ပမာဏမှာ ဧက ၁၀,၀၀၀ နီးပါသာ ရှိသေးသည်။

ထို့ပြင် အရည်အသွေး ကောင်းပြီး အထွက်နှုန်းကောင်းသည်ဟုဆိုသော ပုလဲသွယ်စပ်မျိုးစပါး
စိုက်ပျိုးသည့် ဧကမှာ ၆,၀၀၀ ကျော်သာ ရှိနေသေးသည်။

"ပုလဲသွယ်က မိုးစပါးဧက ၁၆၀,၀၀၀ မှာ ၆,၀၀၀ ကျော်လောက်ပဲ စိုက်နိုင်ပါသေးတယ်။
မနောသုခ၊ ဆင်းသွယ်ရင်၊ ဆင်းသွယ်လတ်စတဲ့ အထွက်ကောင်းမျိုးတွေလဲပြီး စိုက်ပျိုးနိုင်တဲ့
ပမာဏကတော့ လေးပုံတစ်ပုံ လောက်ပြောင်းနိုင်ပြီဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ဆည်ရေသောက်စနစ်များ တိုးချဲ့ခဲ့ရာတွင်မူ လက်ရှိ၌ ဧက ၈၀,၀၀၀ ကျော်အထိ ဆည်ရေ
ပေးဝေနိုင်ပြီဖြစ်သည်။

သို့သော် ဆည်ရေပေးဝေရာတွင် ဆည်မှ တာဝန်ရှိသူနှင့် တောင်သူများအကြား ဆက်သွယ်မှု
တိုးမြှင့်ရန် လိုအပ်နေသည်။

"မနှစ်က မတ်ပဲတွေ စိုက်ထားတာ ဆည်ရေလည်းလွှတ်ရော အကုန်ပျက်ကုန်တော့တာပဲ။
တကယ်ဆိုရင် ဘယ်လမှာ ရေလွှတ်မယ် အသိပေးသင့်ပါတယ်" ဟု လယ်ဝေးမြို့နယ်
အေးချမ်းသာအုပ်စုမှ တောင်သူ ဦးစံဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး