နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်ရေသောက်လယ်မြေ ဧကတစ်သောင်း သုံးထောင်၌
နွေစပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးကိုသာ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပြောသည်။
ဒေသခံ တောင်သူများအနေဖြင့် အရည်အသွေးအပြင် အထွက်နှုန်းပါကောင်းမွန်သော
စပါးမျိုးကောင်းမျိုးသန့်ကို ပိုမိုစိုက်ပျိုး လိုနေခြင်းကြောင့် လာမည့်နွေစပါးရာသီတွင်
နွေစပါးစိုက်ဧကအားလုံးတွင် စိုက်ပျိုး နိုင်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းနှင့်ပူးပေါင်းပြီး
ထောက်ပ့ံသွားမည်ဖြစ်ကြောင်း ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။
"မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးမယ်၊ ဓာတ်မြေဩဇာ ပ့ံပိုးမယ်။ အရင်းအနှီး တချို့ကိုလည်း
ထောက်ပ့ံမယ်၊ ဈေးကွက်လည်း အာမခံချက် ရှိအောင်လုပ်ပေးမယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ အထွက်ကောင်း စပါးမျိုးများသည် တစ်ဧကလျှင် အနည်းဆုံးတင်း ၁၅၀ မှ တင်း ၂၀၀
အထိ ထွက်ကြောင်း၊ ဈေးကွက်ဝယ် လိုအားလည်း အဆင်သင့်ရှိနေကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။
သို့သော်လည်း အဆိုပါမျိုးအား တောင်သူများ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်း
မရှိသေးပေ။
"အထွက်ကောင်းတာကတော့ သေချာတယ်။ ဒါပေမဲ့ တောင်သူတွေစိုက်တော့မယ်ဆိုရင်
မျိုးက ဘယ်မှာ သွားဝယ်ရမှန်း မသိဘူး။ နောက်ပြီး လိုချင်သလောက်လည်း မရနိုင်ဘူး။
ဈေးကွက်ကလည်း သူ့ဟာနဲ့ သူတော့ ရှိနေတယ်။ အထူးသဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က
ထုတ်တဲ့ စပ်မျိုးတွေဆိုရင် တောင်သူတွေက အကြိုက်တွေ့တယ်" ဟု နေပြည်တော်
ပျဉ်းမနားမြို့နယ်၊ ကံဦးကျေးရွာအုပ်စုမှ တောင်သူ ဦးဝင်းအောင်က ပြောကြားသည်။
ရေဆင်း စပ်မျိုးများအဖြစ် တောင်သူများအကြိုက်တွေ့နေသော စပါးမျိုးများမှာ အထွက်ကောင်း
သည့် ဆင်းသွယ်လတ်၊ ဆင်းသွယ်ယဉ်၊ မနောသုခ၊ ဆင်းသုခ စသည့် မျိုးများဖြစ်သည်။
ထို့ပြင် စမ်းသပ်စိုက်ပျိုးလျက်ရှိသော ဂျပန်စပါးမျိုးများကိုလည်း သက်တန်းတိုသောကြောင့်
တောင်သူများ စိတ်ဝင်စားလျက် ရှိသည်။
တာဝန်ရှိသူများက တိုက်တွန်းနေသော ပုလဲသွယ်စပ်မျိုး စပါးသည်လည်း တောင်သူများအကြား
စိတ်ဝင်စားမှု တဖြည်းဖြည်း ကျယ်ပြန့်လျက် ရှိသည်။
















