နေပြည်ထော် ကောင်စီနယ်မြေက တောင်သူလယ်သမားများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ
ဒေဒေါင်းကုမ္ပဏီထုတ် လယ်ယာသုံး စက်အစီးရေ ၂၀၀ နီးပါးကို ၀ယ်ယူခွင့် ရရှိရန် အဆိုပြု
ထားကြောင်း သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
ထိုလယ်ယာသုံးစက်များ ရောင်းချရန် တစ်နိုင်ငံလုံးအနှံ့ ရှင်းလင်းသရုပ်ပြပွဲများ ပြုလုပ်ခဲ့ပြီးနောက်
အစီးရေ ၃,၀၀၀ ကျော်အတွက် အဆိုပြုလွှာများရရှိခဲ့သည်ဟု နေပြည်တော်မှ တောင်သူများနှင့်
ပြီးခဲ့သည့် သီတင်းပတ်ကတွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တွင် ခွင့်ပြုချက် ရရှိရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော ကိုရီးယားချေးငွေ အမေရိကန်
ဒေါ်လာသန်း ၁၀၀ ဖြင့် စက်အစီးရေ ၆,၀၀၀ ကျော် ၀ယ်ယူရရှိနိုင်မည်ဖြစ်ရာ ကျန်သည့်အစီးရေ
၃,၀၀၀ ခန့် အတွက် အဆိုပြုလွှာများ ရရှိရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
သမဝန်ကြီးဌာနအနေဖြင့် ကနဦးအဆိုပြုထားသည့် တောင်သူများကို လာမည့် ဇန်နဝါရီလအတွင်း
ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ လယ်ယာသုံးစက်များကို ခုနစ်နှစ် အရစ်ကျပြန်ဆပ်စနစ်၊ အတိုးနှုန်း နှစ်ရာခိုင်နှုန်းဖြင့်
ရောင်းချမည်ဖြစ်သည်။
သမဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် အထက်ပါလုပ်ငန်းစဉ်အတွက် လွှတ်တော်တွင်
တင်ပြခဲ့စဉ်က ဝေဖန်မှုများလည်း များစွာရှိခဲ့သည်။
"ဒါက လုပ်နည်းလုပ်ဟန် မမှန်တာကို ထောက်ပြခဲ့တာပါ။ ဥပဒေပြုတဲ့လွှတ်တော်က ဥပဒေနဲ့
မညီတဲ့ လုပ်ဆောင်မှု တစ်ခုကို မျက်စိမှိတ်ပြီး ခွင့်ပြုရသလို ဖြစ်နေတာကြောင့်ပါ။ တောင်သူ
တွေရဲ့ အကျိုးကို မလိုလားတာမဟုတ်ပါဘူး"ဟု လွှတ်တော်တွင်ထောက်ပြ ဆွေးနွေးခဲ့သော
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ချေးငွေဖြင့် လယ်ယာသုံးစက်များ ၀ယ်ယူရေးကို သမဝါယမဝန်ကြီးဌာနက တာဝန်ယူ
ဆောင်ရွက်မည့်အစား ရေမြေအခြေအနေနှင့် တောင်သူများအကြောင်း သိနေသော၊ စက်များကို
ပြုပြင်ထိန်းသိမ်းနိုင်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ
ဆောင်ရွက်သင့်ကြောင်း မအူပင်မြို့နယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း က
ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကမူ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အချို့က
ကန့်ကွက်ခဲ့ကြသော်လည်း တောင်သူများ၏ အကျိုးကို လိုလားသောပါတီနှင့် လွှတ်တော်
ကိုယ်စားလှယ်များ၏ ထောက်ခံမှုကြောင့် အဆိုပါချေးငွေ ချေးယူရေးအတွက် လွှတ်တော်က
အတည်ပြုနိုင်ခဲ့ကြောင်း တောင်သူများကို ပြောကြားခဲ့သည်။
လွှတ်တော်တွင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသကဲ့သို့ တောင်သူများအကြားတွင်လည်း
အမြင်အမျိုးမျိုးရှိနေသော အဆိုပါဒေဒေါင်း စက်များကို ရာနှုန်းပြည့် ရောင်းချနိုင်ရေး ဆက်လက်
ကြိုးစားရဖွယ် ရှိနေကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ်မှ လယ်ယာသုံးစက်အပိုင် သုံးစွဲနေသူ
တောင်သူ ဦးကြည်အောင်က ပြောသည်။
"သူတို့ကတော့ ကောင်းတယ်လို့ ပြောတာပဲ။ ဈေးကြီးတော့လည်း ကောင်းတယ်လို့ပဲ ယူဆနိုင်ပါ
တယ်။ အခက်အခဲက အပိုပစ္စည်း မရှိမှာရယ်၊ ပြင်တတ်တဲ့သူမရှိမှာရယ် ဒါတွေကို စိုးရိမ်ပါတယ်။
နောက်ပြီး ကိုရီးယားစက် တစ်စီးက တရုတ်စက် နှစ်စီးစာ တန်ဖိုးရှိနေလို့ အဲဒီစက်တွေကို
တောင်သူ စိတ်ဝင်စားမှု နည်းခြင်းရဲ့ အကြောင်းရင်းတစ်ခုပဲ"ဟု ၎င်းက ပြောကြားသည်။
တောင်ကိုရီးယားကုမ္ပဏီ၏ ဆောင်ရွက်မှုသည် အစိုးရနှင့် ပေါင်းပြီး ဈေးကွက်ကို လက်ဝါးကြီး
လုပ်ဆောင်သည့် သဘောမျိုး သက်ရောက်နေကြောင်းလည်း လယ်ဝေးမြို့ နယ်မှ
စက်ဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းက ပြောသည်။
"ကိုယ့်ကို ထိမှာစိုးလို့ ပြောတာ မဟုတ်ပါဘူး၊ အမှန်ဆိုရင် တရုတ်စက်တွေ၊ ပြည်တွင်းထုတ်စက်
တွေနဲ့ တန်းတူယှဉ်ပြိုင်ရမှာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။
















