နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ သကြားစက်ရုံက တောင်သူများထံမှ ကြံဝယ်ယူရာတွင်
စက်ရုံအရောက်တန်ချိန်ပေါ် ၁၀ ရာခိုင်နှုန်း ဖြတ်တောက် ၀ယ်ယူနေသောကြောင့် တောင်သူများ
မကျေမနပ်ဖြစ်နေသည်ဟု သိရသည်။
တောင်သူများအနေဖြင့် ကြံကိုစက်ရုံသို့ အရောက်ပေးပို့နေရပြီး စက်ရုံ ကတ္တားဖြင့် ချိန်တွယ်ရာ၌
ရရှိသောတန်ချိန်အပေါ်မှ ၁၀ ရာခိုင်နှုန်း ဖြတ်တောက်၍ ငွေရှင်းမည် ဖြစ်သောကြောင့်
တောင်သူများက မကျေမလည်ဖြစ်နေခြင်းဖြစ်သည်။
"စက်ရုံက တောင်သူတွေကို စာထွက်ထားတယ်။ ကတ္တား ချိန်ပြီးတဲ့နောက် ရရှိတဲ့တန်ချိန်ပေါ်
၁၀ ရာခိုင်နှုန်းဖြတ်မယ်။ အဖြတ်မခံချင်ရင် မဝယ်ဘူးဆိုပြီးတော့ စာထွက်ထားတာ"ဟု
နေပြည်တော် ပျဉ်းမနားမြို့နယ်က ကြံတောင်သူ ဦးထွန်းဝင်းဆန်းက ပြောသည်။
သို့သော်လည်း ထိုကဲ့သို့ ဖြတ်တောက်ခြင်း အတွက် တောင်သူများနှင့် ကြိုတင်ဆွေးနွေးထားခြင်း
မရှိသည့်အပြင် ကြံခုတ်သိမ်းချိန် နီးကပ်သည့်အချိန်မှသာ တောင်သူများကို အသိပေးခြင်း
ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ကြံဝယ်ယူ သည့်ဈေးနှုန်း ပြောင်းလဲခြင်း မရှိသော်လည်း ယမန်နှစ်ကကဲ့သို့ ကြံသယ်ယူခ
ကို စက်ရုံက ကျခံခြင်းမျိုးမရှိတော့ဘဲ တောင်သူများ ကိုယ်တိုင်ပင် ကျခံနေရခြင်းဖြစ်သည်ဟု
စည်ပင်ကြီးကျေးရွာအုပ်စုမှ ကြံတောင်သူ တစ်ဦးဖြစ်သည့် ဦးလူအောင်က ပြောသည်။
"၁၀ ရာခိုင်နှုန်းဖြတ်တာကို တောင်သူ က မခံနိုင်ဘူး။ ဒါ့ပြင်ဖြတ်တဲ့ တန်ချိန်ရဲ့ သယ်ယူခကိုပါ
တောင်သူကိုခံခိုင်းတယ်။ တောင်သူက အဖြတ်လည်းခံရတယ်။ အဲဒီဖြတ်တဲ့ အပေါ်မှာလည်း
သယ်ယူစရိတ်ခံရ ပြန်တယ်။ မနှစ်ကဆိုရင်သယ်ယူခကိုစက်ရုံ ကစိုက်ပေးတယ်။ ဒီနှစ်မှ
တောင်သူကို ခံခိုင်းတာ။ ပြောရရင် ကြိုးတုတ်ပြီး ရိုက်သလိုပဲ" ဟု တောင်သူ ဦးလူအောင်က
သတင်းမီဒီယာအချို့ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ကြံစိုက်တောင်သူများထံမှ ၀ယ်ယူသည့် ဈေးနှုန်းသည် ယမန်နှစ်က စက်ရုံအရောက် စရိတ်ငြိမ်း
တစ်တန်လျှင် ကျပ် ၃၀,၀၀၀ နှုန်း ပေးဝယ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၁၀ ရာခိုင်နှုန်း
ဖြတ်တောက်ခြင်း၊ သယ်ယူစရိတ်ခံရခြင်းများကြောင့် တစ်တန်အပေါ် ကျပ် ၂၀,၀၀၀ ကျော်သာ
ရရှိနေသည်ဟု သိရသည်။
စက်ရုံအနေဖြင့် ယခုနှစ်အစောပိုင်းက ကြံစိုက်တောင်သူများ ထောက်ပ့ံခဲ့သည်ဟုဆို သော်လည်း
၎င်းတို့ ထုတ်လုပ်သည့်မြေဩဇာကို ၀ယ်ယူမှသာလျင် ထောက်ပ့ံခဲ့ကြောင်း တောင်သူ ဦးလှထွန်း
က ပြောကြားသည်။
"ထောက်ပ့ံတယ်ဆိုတာ စက်ရုံက ထုတ်တဲ့ မြေဩဇာကို ၀ယ်သုံးမှသာ ထောက်ပ့ံတာ။ မဝယ်ရင်
မထောက်ပ့ံပါဘူး"ဟု ၎င်းကဆက်လက် ပြောကြားသည်။
စက်ရုံအနေဖြင့် ကြံဝယ်ယူရာတွင် ဈေးနှုန်းတိုးမပေးနိုင်ခြင်းအပြင် ၁၀ ရာခိုင်နှုန်း ဖြတ်တောက်ခြင်း
သည် လက်ရှိ သကြားဈေးကွက် အခြေအနေရ ဖြစ်နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"လက်ရှိမှာ သကြားဈေးကလည်း နိမ့်နေတယ်။ အဲဒါကြောင့် စက်ရုံကလည်း ကြံဝယ်ယူတဲ့ ဈေးကို
မလျှော့ချင်တော့ဖြတ်တယ်လို့ပဲ ယူဆတယ်" ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သကြားစက်ရုံသည် နာမည်ကျော် ယုဇနကုမ္ပဏီပိုင်ဖြစ်ပြီး ယခင်အစိုးရလက်ထက်
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအစီအစဉ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနထံမှ
လွှဲပြောင်းရယူထားခြင်း ဖြစ်သည်။
စက်ရုံစတင် လွှဲပြောင်းယူစဉ်က စက်စွမ်းအားပြည့်လည်ပတ်နိုင်ရန် တောင်သူများကို
ကြံစိုက်ပျိုးရေး စည်းရုံးခဲ့သော်လည်း ကြံစိုက် ဧကများပြားလာသော အခါတွင် ယခုကဲ့သို့
ပြဿနာဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု တောင်သူ ဦးလူအောင်က ပြောသည်။
အဆိုပါပြဿနာသည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် စည်းရုံးနေသော ကုမ္ပဏီများနှင့် ဒေသခံ
တောင်သူများ အကျိုးတူ စိုက်ပျိုးရေးစနစ်ထူထောင်ရန် ကြိုးပမ်းနေမှုကိုပါ သက်ရောက်မှု
ရှိနိုင်သည်ဟု နေပြည်တော်မှ ဆန်စက်လုပ်ငန်းရှင် ဦးနေစိုးက မှတ်ချက်ပေးသည်။
"ဦးမြင့်လှိုင်က ကန်ထရိုက်လယ်ယာကို အမြဲတမ်းပြောနေပြီး တောင်သူတွေကို စည်းရုံးနေတာ။
အခု ဒီကြံတောင်သူတွေရဲ့ ပြဿနာက အဲဒါကိုသက်ရောက်လိမ့်မယ်။ ပြောရရင်တောင်သူတွေက
ယုံမှာ မဟုတ်တော့ဘူး"ဟု ၎င်းးကပြောကြားခဲ့သည်။
















