အချိန်တိုအတွင်း ၀င်ငွေရရှိနိုင်သဖြင့့် နေပြည်တော်၌ မှိုစိုက်ပျိုးသူများလာ

အချိန်တိုအတွင်း ၀င်ငွေရရှိနိုင်သဖြင့့် နေပြည်တော်၌ မှိုစိုက်ပျိုးသူများလာ

အချိန်တိုကာလအတွင်း ၀င်ငွေရရှိနိုင်သည့် သီးနှံဖြစ်သောကြောင့် နေပြည်တော်နယ်မြေ၌
မှိုစိုက်ပျိုးသူနှင့် မျိုးထုတ်လုပ်ရောင်းချသူ များပြားလာကြောင်း သိရသည်။

"မှိုကစစိုက်တဲ့ ရက်ကနေ ရက်ပေါင်း ၂၀ ကျော်အတွင်းကို သုံးရစ်လောက်ခူးလို့ရတော့
မှိုစထွက်တာနဲ့ ပိုက်ဆံကပေါ်ပြီ။ တစ်နိုင်တစ်ပိုင်လုပ်နိုင်တဲ့ လုပ်ငန်းလည်း ဖြစ်တယ်၊ ပြီးတော့
အချိန်ကလည်း သိပ်မပေးရဘဲ ကာလတိုအတွင်း ၀င်ငွေရရှိတဲ့သီးနှံဖြစ်တာကြောင့် စိုက်ပျိုးတဲ့
သူတွေလည်း ပိုမိုများလာတယ်"ဟု မှိုမျိုးထုတ်များ ဖြန့်ချိရောင်းချရေးဆိုင်မှ ဦးမြင့်စိုး
က ပြောသည်။

ကောက်ရိုးမှို၊ ငွေနှင်းမှို၊ မှိုရွှေညို(ကြက်နားရွက်မှို)၊ ထပ်တရာမှိုဖြူ၊ လင်ဇီးမှိုနှင့် ရှီတာကီမှိုတို့ကို
စိုက်ပျိုးနေကြပြီး လယ်ဝေး၊ ဧလာ၊ သိုက်ချောင်း၊ ကင်ပွန်းတန်း၊ ဘဲကုန်း၊ ဌေးကုန်း၊ ကွမ်းခြံစုနှင့်
ရွှေသင်းဖြူများတွင် ကောက်ရိုးမှိုကိုသာ အများဆုံးအားထား စိုက်ပျိုးလျက်ရှိသည်။

ကောက်ရိုးမှိုသည် သိပ္ပံနည်းကျသော စိုက်ပျိုးစနစ်များ၊ မှိုမျိုးကောင်း မျိုးသန့်များကို သုံး၍
ဒေသမရွေး၊ ရာသီဥတုမရွေးစိုက်ပျိုး နိုင်သော သီးနှံဖြစ်သည်။

ထို့ပြင် မှိုစိုက်ပျိုးရေးနှင့် ပတ်သက်သော ကုန်ကြမ်းကို လွယ်လွယ်ကူကူ နှင့်ဈေးသက်သာစွာ
ရရှိနိုင်သောကြောင့် အရင်းအနှီးအနည်းငယ်ဖြင့် လုပ်ကိုင်သူ များပြားလာခြင်း ဖြစ်သည်။

"ကျွန်တော်က ကောက်ရိုးမှိုကို စိုက်တာပါ။ အခုဒီဘက်မှာက ဟိုတယ်တွေ၊ စားသောက်ဆိုင်
တွေကို ပို့ရတော့ အဆင်ပြေတယ်။ ပြီးတော့ ဒီလုပ်ငန်းက အရင်းအနှီးကလည်း သိပ်မကုန်တော့
တွက်ခြေကိုက်တယ်။ ဆောင်းရာသီရောက်တော့ မှိုပြုစုထိန်းသိမ်းရတာ လွယ်ကူတော့
ပိုအထွက်များတယ်"ဟု လယ်ဝေးမြို့မှ မှိုစိုက်ပျိုးသူ ဦးဘိုဦး ကပြောသည်။

ငွေနှင်းမှိုကို စစိုက်ပျိုးနေပြီဖြစ်သောလည်း ဈေးကွက် တွင်ကျယ်မှု မရှိသေးကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၌ လက်ရှိတွင် မှိုစိုက်တောင်သူ ၅၀၀ ကျော် လုပ်ကိုင်
စိုက်ပျိုးလျက်ရှိသည်။

ယခုဆောင်းတွင်း အချိန်သည် မှိုထွက်အကောင်းဆုံးအချိန်ဖြစ်ပြီး မှိုစိုက်တစ်ဘောင်လျှင်
သုံးရစ်ခူးဆွတ်ပြီး မှို ၁၀ ပိဿာအထက် ထွက်ရှိကာ မှိုပေါက်ဈေးမှာ တစ်ပိဿာလျှင်
မှိုအရည်အသွေးအလိုက် ကျပ် ၄,၀၀၀ မှ ၄,၅၀၀ အတွင်းဈေးရှိနေကြောင်း ဦးမြင့်စိုး ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး