နေပြည်တော် လယ်မြေဟက်တာ ၁၀၀ ကို အဆင့်မြှင့်ရန် ကိုရီးယားက ကျပ် သန်း ၄၄၀ ကူညီ

နေပြည်တော် လယ်မြေဟက်တာ ၁၀၀ ကို အဆင့်မြှင့်ရန် ကိုရီးယားက ကျပ် သန်း ၄၄၀ ကူညီ

လယ်မြေဟက်တာ ၁၀၀ ကို အဆင့်မြင့် လယ်ယာမြေစနစ်အဖြစ် ဖော်ထုတ်ပေးရန်အတွက်
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ(ကွိုက်ကာ)က ကျပ် သန်း ၄၄၀ အကူအညီ
ပေးမည်ဖြစ်ကာ ယခုလ ၂ ရက် နေ့က စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

အဆိုပါ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေး စီမံချက်ကို နေပြည်တော်ကောင်စီနယ်မြေ၊
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာတွင် ဆောင်ရွက်မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာနက တာဝန်ယူကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းမှာ လာမည့် မတ်လ နွေစပါးစိုက်ပျိုးရာသီအမီ ပြီးစီးမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီး
ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က ပြောကြားသည်။

စီမံချက်အရ ယခင်က ပုံစံမဲ့ခွက်ဆင့် သောက်လယ်မြေဧက ၂၄၄ ဒသမ ၅၃ ကို ရေသွင်းရေထုတ်
စနစ်များ၊ ကုန်ထုတ်လမ်းများ ပါ၀င်သည့် ဧကကွက်များအဖြစ် ဖော်ထုတ်သွားမည်ဖြစ်သည်။

ထို့ပြင် ကုန်ထုတ်လမ်း ၁၁ ခု တည်ဆောက်မည်ဖြစ်ရာ လမ်းအရှည် ခြောက်မိုင် နီးပါးရှိမည်
ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ၊ စီမံကိန်းမန်နေဂျာ၊ လက်ထောက်ညွှန်ကြားရေးမှူး
ဦးဇော်ဝမ်း က ပြောသည်။

လယ်မြေများကို ဆည်ရေပေးဝေနိုင်ရန် အတွက်လည်း ရေပေးမြောင်း ၃၃ မြောင်း စုစုပေါင်း
အရှည်ကိုးမိုင်ကျော်နှင့် မလိုအပ်ပါက ရေထုတ်ခြင်းပြုလုပ်နိုင်ရန် စုစုပေါင်း ခြောက်မိုင်နီးပါးရှိသော
ရေထုတ်မြောင်း ၂၀ တို့ကို ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက
ပြောကြားခဲ့သည်။

အကောင်အထည်ဖော်ပြီးသော အဆင့်မြင့်လယ်ယာမြေစနစ်တွင် ပါ၀င်သည့် တောင်သူများ
အတွက် စံပြစပါး စိုက်ပျိုးနိုင်ရန် ၀န်ထမ်းများက နောက်ထပ် နှစ်ရာသီခန့်အထိ အကူအညီ
ပေးသွားမည်ဖြစ်သည်။

အထက်ပါ တဲကြီးကုန်း အဆင့်မြင့် လယ်ယာမြေစနစ် စီမံချက်တွင် ဒေသခံ တောင်သူပေါင်း
၉၇ ဦး အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ တောင်သူများအနေဖြင့် ငွေကြေးစိုက်ထုတ်ရန်
မလိုအပ်ကြောင်း သိရသည်။

နေပြည်တော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ ဖြင့်လည်း ထိုကဲ့သို့ စီမံကိန်းများ ဖော်ထုတ်ခဲ့ရာ
ဧက ၃,၀၀၀ စံပြကွက်၊ ဧက ၉၀၀ စံပြကွက်၊ ဧက ၅၀၀ စံပြကွက်၊ ဧက ၄၄၀ နှင့် ၂၈၀ စသည်ဖြင့်
စံပြကွက်များ ဖော်ထုတ်ထားပြီးဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံ၏ အကူအညီ ကျပ်သန်း ၆၆၀ ဖြင့်လည်း ဇမ္ဗူသီရိမြို့နယ်အတွင်း
ဂုံမင်းအင်းကျေးရွာ အဆင့်မြင့် လယ်ယာမြေစီမံချက်ကို ယခုနှစ် အစောပိုင်းက
အကောင်ထည်ဖော်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ ဖော်ထုတ်ခြင်းဖြင့် လယ်ယာ ထွက်ကုန် တိုးတက်ရေးကို အထောက်အကူပြုသည့်
အားသာချက်များ ရရှိသော်လည်း မြေဈေးတက်လာသည့် အကျိုးရလဒ်က ပိုမို သိသာကြောင်း
ဆန်စက်လုပ်ငန်းရှင် ဦးနေစိုး က ပြောကြားသည်။

လယ်မြေများမှာ စီမံချက်ဝင်လယ်ယာ မြေဖြစ်သွားပြီး မြေအာမခံချက်များခိုင်မာမှု
ရှိလာသောကြောင့် ငွေရှင်များက လိုက်လံ ၀ယ်ယူလျက်ရှိနေရာ တောင်သူများက
ဈေးကောင်းရလျှင် ရောင်းချနိုင်သောကြောင့် လယ်ယာမဲ့တောင်သူဦးရေလည်း
တိုးပွားလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

အဆင့်မြင့် လယ်ယာမြေစနစ်တွင် ပါ၀င်နေသော နေပြည်တော်၊ ပျဉ်းမနားမြို့နယ်
အလျင်လိုကျေးရွာမှ တောင်သူ ဦးကျော်ဝေ ကလည်း ထိုကဲ့သို့ အသွင်ပြောင်းခြင်းဖြင့်
အထွက်နှုန်းရော၊ မြေဈေးနှုန်းပါ မြင့်တက်လာကြောင်း ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး