တာဝန်ပေါ့လျော့မှု၊ တာဝန်ခံမှုနှင့် အကျင့်စာရိတ္တပိုင်းနှင့် ပတ်သက်ပြီး နေပြည်တော် ရှိ ရဲတပ်ဖွဲ့ဝင်
၂၀ ဦးကို ယခုနှစ်အတွင်း အရေးယူခဲ့သည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်
က ယခုလ ၁၃ ရက်နေ့ က တွေ့ဆုံရှင်းလင်းပွဲတွင် ပြောသည်။
အရေးယူခဲ့ရသူများမှာ ရဲမှူးအဆင့် သုံးဦး၊ ဒုရဲမှူးသုံးဦး၊ ရဲအုပ် ခြောက်ဦး၊ ဒုရဲအုပ်တစ်ဦး နှင့်
အခြားအဆင့် ခုနစ်ဦးတို့ဖြစ်ကြသည်။
ဖြစ်ပွားသည့် ဖြစ်စဉ်များအပေါ် မူတည်ပြီး ယခုနှစ်အတွင်း ယခင်နှစ်များကထက် စစ်ဆေးမှုများ
ပြုလုပ်လျက်ရှိရာ အများဆုံးအရေးယူခြင်းခံရသည့် ရဲအရာရှိများအနက် ရဲအုပ်နှင့် ဒုရဲအုပ်တို့သည်
လူမှုရေးရှုပ်ထွေးမှုကြောင့်လည်းကောင်း၊ တာဝန်ကျသည့် အချိန်အတွင်း အရက်သေစာ
သောက်စား ခြင်းကြောင့်လည်းကောင်း အများဆုံး အရေးယူခံရလေ့ရှိကြောင်း ၎င်းက ပြောသည်။
"အပေါ်ပိုင်းဖြစ်တဲ့ မြို့နယ်မှူး၊ ခရိုင်မှူးတွေကတော့ ကြီးကြပ်ကွပ်ကဲတဲ့ အပိုင်းနဲ့ အဓိက
အရေးယူခံရပါတယ်"ဟု ရဲမှူးကြီးကိုကိုအောင် က ပြောသည်။
နေပြည်တော်သည် စီးပွားရေးမြို့ မဟုတ်သည့်အတွက် လာဘ်ပေး၊ လာဘ်ယူမှုကြောင့်
အရေးယူသည့်အပိုင်းမှာ နည်းပါးသည်ဟု ၎င်းက ပြောသည်။
"ရဲတပ်ဖွဲ့တစ်ခုလုံးကတော့ လာဘ်ပေးလာဘ်ယူတာတွေ ဖြစ်ပါတယ်၊ သို့သော် နေပြည်တော်
မှာတော့ ၀န်ထမ်းများတယ်၊ ပေးနိုင်လောက်တဲ့ ငွေအင်အားလည်း မရှိဘူး၊ စီးပွားရေးမြို့လည်း
မဟုတ်ဘူးလေ၊ ဒါကြောင့် အဲဒီလို ဖြစ်တာမျိုးတွေ သိပ်မရှိဘူး" ဟု ၎င်းက ပြောသည်။
အရေးယူခံရသူများကို အဆင့်လျှော့ခြင်း၊ ပင်စင်လစာအတွက် လုပ်သက်လျှော့ခြင်း၊ ရာထူးတိုးနှင့်
လစာများ ရပ်နားခြင်းတို့ဖြင့် အရေးယူခဲ့သည်။
"ဒီလိုမျိုးတွေမဖြစ်အောင် ဆွေးနွေးပွဲတွေ၊ သင်တန်းတွေလုပ်တယ်၊ ညွှန်ကြားချက်တွေထုတ်တယ်၊
သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေ လိုက်နာမှုရှိ၊ မရှိအခါအားလျော်စွာ စစ်ဆေးတာပေါ့၊ အဓိကတော့
ကွပ်ကဲမှုလျော့တယ်ဆိုတာ အချုပ်တရားခံလွတ်ပြေးတာတို့က အောက်ခြေမှာ
စစ်ဆေးကြပ်မတ်တာ နည်းလို့ဖြစ်တာပေါ့၊ အဲဒါတွေအတွက်ကို ဌာနချုပ်ကလည်း စစ်တယ်၊
ခရိုင်မှူး၊ မြို့နယ်မှူးအဆင့်ဆင့်နဲ့ ကြီးကြပ်ကွပ်ကဲတာတွေ လုပ်ပါတယ် " ဟု ရဲမှူးကြီးကိုကိုအောင်
က ပြောသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ် ဆက်ဆံရေးအပိုင်းတွင်လည်း
အားနည်းနေသည်ဟု ၎င်းက အထက်ပါ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"အဓိကကတော့ အမှုသည်နဲ့ ဆက်ဆံတာပေါ့၊ ရဲစခန်းမှာ လာပြီးတိုင်ကြားတဲ့ သူတွေအပေါ်
ပြောဆိုဆက်ဆံတာတွေ အားနည်းတာများပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပြည်သူများအပေါ် ဆက်ဆံရေး အပိုင်းကောင်းမွန်စေရန် လုပ်ငန်းခွင်မပြတ်
သင်တန်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း ဆိုသည်။

















