ဧက ၂,၀၀၀ ခန့်၌ ဆန်စပါး အကျိုးတူစိုက်ပျိုးမှု စတင်မည်

ဧက ၂,၀၀၀ ခန့်၌ ဆန်စပါး အကျိုးတူစိုက်ပျိုးမှု စတင်မည်

ဆန်စပါး အကျိုးတူစိုက်ပျိုးရေးကို နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်တွင် လာမည့်
ဇန်နဝါရီလမှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း
ဒေသခံတောင်သူများနှင့် အကျိုးတူလုပ်ကိုင်မည့် မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်
ကော်ပိုရေးရှင်း (MAPCO) မှ အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာ ဦးစိုးမြင့် က
မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

လက်ရှိစည်းရုံးထားမှုအရ နွေစပါးစိုက် ဧက ၂,၀၀၀ ခန့်ကို ပူးပေါင်းလုပ်ဆောင်ရန်
တောင်သူများနှင့် သဘောတူညီထားသည်။

သဘောတူညီမှုရထားသည့် ဧက ၂,၀၀၀ အတွက် တစ်ဧကလျှင် မျိုးစပါးနှင့်၊ ဓာတ်မြေ ဩဇာ
၀ယ်ယူစရိတ်နှင့် စိုက်ပျိုးစရိတ် ၁၃၁,၅၀၀ ကျပ်နှုန်းစီ ထောက်ပ့ံသွားမည်ဖြစ်ကာ ယခုလ
တတိယပတ်တွင် တောင်သူများထံ ရောက်အောင် ထုတ်ပေးသွားမည် ဖြစ်သည်။

စိုက်ပျိုးမည့်စပါးမျိုးကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက
ထုတ်လုပ်သော စပ်မျိုးကို သုးံစွဲရမည်ဖြစ်ပြီး ၎င်းမျိုး စရိတ်ကိုလည်း ကော်ပိုရေးရှင်းက ကျခံမည်
ဖြစ်သည်။

အဆိုပါ ပ့ံပိုးမှုများအတွက် တောင်သူများ က စပါးပေါ်ချိန်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ်
တင်း ၁၀၀ လျှင် ကျပ် လေးသိန်းနှုန်းဖြင့် စပါး ပြန်သွင်းရမည်ဖြစ်သည်။

"တစ်ဧကကို တင်း ၁၀၀ လောက်ထွက်တယ်ဆိုရင် ကျွန်တော်တို့ ပ့ံပိုးတဲ့ ပစ္စည်းအပေါ်မှာ
လေးသိန်းဈေးနဲ့ စပါး ၃၃ တင်း ပတ်ဝန်းကျင်လောက်ပြန်ယူမယ်။ ပိုတဲ့စပါးကို ပေါက်ဈေးနဲ့
၀ယ်မယ်၊ အောက်ထစ်က လေးသိန်းဈေး။ ပေါက်ဈေးက လေးသိန်းအောက်ရောက်သွားရင်လည်း
ကျွန်တော်တို့က လေးသိန်းဈေးပေး ၀ယ်မှာပဲ"ဟု ဦးမြင့်စိုး က ပြောကြားသည်။

ဒေသခံ ဆန်စက်လုပ်ငန်းရှင် ဦးနေစိုးက "ကြမ်းခင်းဈေး လေးသိန်းဆိုတာ တောင်သူ
အတွက်လည်း သင့်တော်တဲ့ ဈေးနှုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ စိုက်ပျော်ပါတယ်။
နောက်ဘာတွေဖြစ်လာမလဲ ဆိုတာတော့ မသိသေးဘူးပေါ့လေ"ဟု ပြောသည်။

အကျိုးတူလုပ်ကိုင်မည့် တောင်သူစာရင်းတွင် မပါ၀င်သေးသော်လည်း စပါးအရောင်းအဝယ်
လုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်နေသည့် ပျဉ်းမနားမြို့နယ် ကံဦးကျေးရွာမှ တောင်သူ
ကိုမျိုးလင်းအောင် က စိတ်ဝင်စားဖွယ် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း အထူးသဖြင့်
အာမခံဈေးနှုန်း ကျပ် လေးသိန်း သတ်မှတ်ထားခြင်းက တောင်သူများအတွက် စိတ်ဝင်စားဖွယ်
ဖြစ်ကြောင်း ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး