နေပြည်တော်ကောင်စီနယ်မြေရှိ ၀န်ထမ်း အိမ်ရာများ၌ ခိုးမှုများ အများဆုံးဖြစ်ပွားနေသည်ဟု
နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောသည်။
ခိုးမှုများမှာ ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနား မြို့နယ်တို့တွင် အဓိကဖြစ်ပွားလေ့ရှိပြီး အခိုးခံရသည့်
ပစ္စည်းများမှာ မော်တော်ဆိုင် ကယ်အများစုဖြစ်သည်ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အဓိကကတော့ ဆိုင်ကယ်ခိုးမှု အများဆုံးပဲ၊ ကျန်တာက ၀န်ထမ်းတွေ ရုံးသွားချိန်ဆိုရင်
အိမ်ဖောက်ပြီး ခိုးတာတွေပေါ့"ဟု ရဲမှူးကြီးကိုကိုအောင်က ပြောသည်။
"အဲဒီအတွက် အရင်ကထက် နယ်မြေခံ အပြင် နေပြည်တော်တိုင်းရုံးကပါ အင်အားတွေ
ဖြည့်ပြီးတော့ ညစဉ် လုံခြံုရေးအတွက်လုပ်နေပါတယ်၊ ခြောက်နေရာကို လှည့်ကင်းက ရဲအင်အား
၃၀ နဲ့ ရပ်ကင်းက ဦးရေ ၃၀ လောက်ရှိတယ်၊ စုစုပေါင်း ၆၀ လောက်ရှိတယ်၊ အဲဒီအထဲမှာ
ယာဉ်လှည့် ကင်းနဲ့ ဆိုင်ကယ်လှည့်ကင်းတွေလည်းပါတယ်"ဟု ရဲမှူးကြီးကိုကိုအောင် ကဆိုသည်။
ယခင်နှစ်များကလည်း နယ်မြေလုံခြံုရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ်အတွင်း
အာဆီယံထိပ်သီး အစည်းအဝေးအပါအဝင် အခြားသော အာဆီယံအစည်းအဝေးများကြောင့်
တိုးမြှင့်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
"အခြားအချိန်တွေမှာလည်း လုပ်ပါတယ်၊ အထူးသဖြင့်တော့ ဒီနှစ်မှာဆိုရင် အာဆီယံထိပ်သီး
အစည်းအဝေးရှိတဲ့အတွက် ကျန်တဲ့ ပြည်နယ်တွေ၊ တိုင်းဒေသ ကြီးတွေက အင်အားတွေ
ဖြည့်တာပေါ့၊ ဒါကြောင့် ရပ်ကွက်တွေ၊ လမ်းကြောင်းတွေ မှာ ပိုများနေတာပေါ့၊ အဲဒီအချိန်မှာတော့
နည်းနည်းငြိမ်တာပေါ့၊ လုံခြံုရေးတွေ ပြန်ရုပ်သိမ်းတဲ့ အချိန်မှာတော့ ပြန်ဖြစ်ချင်တယ်၊ ဒါကြောင့်
အင်အားပြန်ဖြည့်ရတာမျိုးတွေ ရှိတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း ၀န်ထမ်းအိမ်ရာများ၌ ဖြစ်ပွားခဲ့သည့် ခိုးမှုအရေအတွက်မှာ ဇမ္ဗူသီရိမြို့နယ်တွင်
၉၄ မှု၊ ပျဉ်းမနားမြို့တွင် ၅၃ မှုနှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၃၄ မှုရှိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် တရာခံ
အရေအတွက်နှင့် ပတ်သက်ပြီး အတည်မပြုထားသေးကြောင်း သိရသည်။
"အခုတလော ပျဉ်းမနားမှာ နေ့ခင်း၊ နေ့လယ်အချိန်ဆိုရင် ကျောင်းဆရာမအိမ်တွေ၊
ဈေးထွက်ရောင်းနေတဲ့ အိမ်တွေ အခိုးခံနေရတယ်၊ ကျွန်တော့်အသိထဲက လေးယောက်
ဆက်တိုက် ဒီတစ်ပတ်အတွင်းမှာ ဖြစ်ပါတယ်"ဟု ပျဉ်းမနားဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်ချို က
ပြောသည်။
အငြိမ်းစားဝန်ထမ်းများအတွက် ရည်ရွယ်ပြီး အစိုးရက အကောင်အထည်ဖော်ပေးထားသည့်
ပုဗ္ဗသီရိမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများတွင်လည်း သွပ်မိုး၊ ပျဉ်၊ သံ နှင့် မူလီများ ခိုးယူခံရမှုများ
ရှိနေသော်လည်း လုံခြံုရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု
ရဲမှူးကြီးကိုကိုအောင် က ပြောသည်။
"ပုဗ္ဗသီရိဘက်ဆိုရင် စစ်မှုထမ်းဟောင်းနဲ့ အရပ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို တန်ဖိုးနည်းနှုန်းနဲ့
ကိုယ်ပိုင်ပေးထားတဲ့ အိမ်ရာတွေများတယ်၊ အဲဒီဘက်ကိုတော့ လှည့်ကင်းနဲ့ ရပ်ကင်း
(ရပ်စောင့်ကင်း)ပဲ ချနိုင်တာပေါ့၊ သိပ်ပြီးတော့ ဖိဖိစီးစီး မလုပ်နိုင်ဘူး၊ အဲဒီမှာ ဘာတွေများနေလဲ
ဆိုတော့ တရားမဝင်ပိုင်ရှင် မသိအောင် ကျူးပြီးနေတဲ့ အဖွဲ့တွေလည်းရှိတယ်၊ ဒါကြောင့်
အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးရှင်းလင်းဖို့ လုပ်နေပါတယ်" ဟု ၎င်းကပြောသည်။
















