စပ်မျိုးစပါး ထုတ်လုပ်ရန်အတွက် ဂရိတ်ဝေါကုမ္ပဏီက နေပြည်တော်ကောင်စီ နယ်မြေရှိ
ဒေသခံ တောင်သူလယ်သမားများထံမှ လယ်မြေတစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲဖြင့်
ငှားရမ်းထားကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၊ အလျင်လိုကျေးရွာမှ လယ်သမားများပိုင်ဆိုင်သော ဧက ၄၄၀ စက်မှုလယ်ယာ
စိုက်ကွင်းတွင် မျိုးထုတ်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နွေစပါး တစ်ရာသီအတွက်
တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ရန် သဘောတူထားပြီးဖြစ်ကြောင်း
တောင်သူ ကိုမျိုးလင်းအောင် က ပြောသည်။
"ကုမ္ပဏီက စပ်မျိုးထုတ်ဖို့အတွက် မြေငှားတာပေါ့။ အရင်ကတော့ နှစ်သိန်းနှုန်းနဲ့ ညှိနှိုုင်းခဲ့သေး
တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ နှစ်သိန်းခွဲနဲ့အဆင် ပြေသွားတာ"ဟု ၎င်းက ပြောသည်။
အဆိုပါ မြေငှားရမ်းမှုအတွက် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ကလည်း အတည်ပြုထားပြီး
ဖြစ်သည်။
"တောင်သူတွေနဲ့ ကုမ္ပဏီတို့ သဘောတူ လုပ်ကိုင်ကြတာပါ"ဟု အဆိုပါဦးစီးရုံးမှ ဒုတိယဦးစီးမှူး
ဦးကျော်ဇော က ပြောသည်။
နွေစပါးတစ်ရာသီအတွက် ကျပ် နှစ်သိန်းခွဲနှုန်းသည် တောင်သူများအတွက်လည်း
သင့်လျော်သည့် နှုန်းထားတစ်ခု ဖြစ်ကြောင်း တောင်သူများ ကပြောသည်။
အဆိုပါ စက်မှုလယ်ယာကွက်သည် ရေခံ၊ မြေခံကောင်းသော လယ်မြေများ ဖြစ်သောကြောင့်
တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀၀ နှုန်းထွက်ကာ လက်ရှိစပါး ပေါက်ဈေးအရ မျှတသော နှုန်းထား
ဖြစ်သည်။
လက်ရှိတွင် နေပြည်တော်ဈေးကွက်၌ စပါးတင်းတစ်ရာလျှင် ကျပ် လေးသိန်းအထက် ပေါက်ဈေး
ရှိနေသည်။
စပ်မျိုးစပါး ထုတ်လုပ်မှုကဏ္ဍတွင် ပုဂ္ဂလိကမှ ၀င်ရောက် ရင်းနှီးမြှုပ်နှံလာရန် အစိုးရက
အားပေးလျက်ရှိပြီး ၂၀၁၁ - ၁၂ တွင် ပုဂ္ဂလိက ကဏ္ဍမှ ၃၁၄ ကီလိုသာ ထုတ်လုပ်နိုင်ခဲ့ရာမှ
၂၀၁၃ - ၁၄ ခုနှစ်တွင် ၄၃၉ ကီလို ထုတ်လုပ်နိုင်ခဲ့သည်။
လက်ရှိ ၂၀၁၄ - ၁၅ ခုနှစ်တွင်လည်း ပုဂ္ဂလိက ကဏ္ဍမှ ၁,၄၃၉ ကီလို ထုတ်လုပ်ရန်
လျာထားသည်။
ထိုကဲ့သို့ မျိုးစေ့ထုတ်လုပ်ပေးခြင်းကြောင့် စပ်မျိုးစပါးစိုက်ဧကများလည်း တိုးလာရာ
၂၀၁၂ - ၁၃ ခုနှစ်တွင် ဧက ကိုးသောင်း စိုက်ပျိုးခဲ့ပြီး ၂၀၁၃ - ၁၄ ခုနှစ်တွင်
ဧက တစ်သိန်းရှစ်သောင်း စိုက်ပျိုးနိုင်ခဲ့သည်။
လက်ရှိ ၂၀၁၄ - ၁၅ ခုနှစ်တွင်လည်း ဧက တစ်သိန်းလေးသောင်း စိုက်ပျိုးထားပြီးဖြစ်ကြောင်း
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
















