နေပြည်တော် လမ်းမကြီးအချို့တွင် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများ ဖောက်လုပ်

နေပြည်တော် လမ်းမကြီးအချို့တွင် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများ ဖောက်လုပ်

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ယာဉ်အသွားအလာ အသုံးပြုမှုများနေသည့်
အဓိကလမ်းမကြီးများတွင် ယာဉ်မတော်တဆမှု လျော့ကျစေရန်အတွက် စက်ဘီးနှင့် ဆိုင်ကယ်
သီးသန့်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသည်။

ရာဇသင်္ဂဟလမ်း ဧလာလမ်းဆုံမှ ဗောဓိကုန်းလမ်းဆုံအထိ တစ်လမ်း၊ ဟိုတယ်ဇုန်
ကံ့ကော်ပန်းအဝိုင်းမှ ရွှေနန်းတော်ဟိုတယ်အထိ တစ်လမ်းနှင့် ရာဇဌာနီလမ်း
သဘာဝသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း အရှေ့ဘက်မှ နေပြည်တော်
ရေသန့်စက်ရုံအထိ အရှည် နှစ်မိုင်နှင့် နှစ်ဖာလုံတို့ကို အကျယ် ၁၀ ပေရှိ သီးသန့်လမ်း နှစ်ဖက်ကို
နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဖောက်လုပ်ပေးခဲ့သည်။

"ဒီဆိုင်ကယ်လမ်းတွေ သီးသန့်လုပ်ပေးလိုက်တာဟာ ဆိုင်ကယ်ကော ကားကောသီးသန့်စီ
ဖြစ်သွားတဲ့အတွက် ယာဉ်အန္တရာယ် ရှုပ်ထွေးမှုကို လျော့ချသွားနိုင်တယ်။ ဘေးဘက်မှာ
ဆိုင်ကယ်လမ်း ပေးထားပြီးသား ရှိတယ်။ ဒါကို မသုံးတော့ အန္တရာယ်ခဏ ခဏဖြစ်နေတယ်။
ဒါကြောင့် သီးခြားလမ်း လုပ်ပေးလိုက်တာပါ" ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ဟန်ဝင်း က ပြောသည်။

အဆိုပါလမ်းများတွင် ယာဉ်သွားလာမှု များသကဲ့သို့ နိုင်ငံခြား ဧည့်သည်များနှင့် နိုင်ငံတော်
အကြီးအကဲများ အသုံးပြုသည့် လမ်းများလည်းဖြစ်သည့်အတွက် ထိုကဲ့သို့ ဖောက်လုပ်ပေးရခြင်း
ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများ ဖောက်လုပ်ပြီးစီးချိန်တွင် လမ်းမကြီးများပေါ်တွင်
မစီးနင်းရဟု သတ်မှတ်သွားမည် မဟုတ်ကြောင်းနှင့် ပညာပေးအစီအစဉ်များသာ ပြုလုပ်မည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး