သမဝါယမ ၀န်ကြီးဌာနအောက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် ၎င်း၏
ရုံးခွဲများကို ပြည်နည်နှင့်တိုင်းဒေသကြီး အားလုံးတွင် ယခုလ ၁ ရက်နေ့မှ စတင်ကာ တိုးချဲ့
ဖွင့်လှစ်သွားမည်ဟု အဆိုပါ ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးဆွေတင့် က မြန်မာတိုင်း(မ်)သို့
ပြောသည်။
"ဒီနေ့အထိရှိနေတာက အထက်မြန်မာ ပြည်ရုံးခွဲအဖြစ် မန္တလေးနဲ့ အောက်မြန်မာပြည် ရုံးခွဲအဖြစ်
ရန်ကုန်မှာပဲ ဖွင့်ထားနိုင်သေးတယ်။ ဒါပေမဲ့ ဒေသအလိုက်မှာ ရှိနေတဲ့ လုပ်ငန်းတွေကို
ထိရောက်တဲ့ အကူအညီတွေ ပိုမိုပြီး ပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ
အားလုံးမှာ ရုံးခွဲတွေကို ဇန်နဝါရီလ ၁ ရက်နေ့က စပြီးတော့ ဖွင့်လှစ်သွားမယ်"ဟု ဦးဆွေတင့် က
ပြောသည်။
ထိုကဲ့သို့ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အရာထမ်းနှင့်အမှုထမ်း အင်အားများကိုလည်း တိုးချဲ့ ထားပြီး
ဖြစ်သည်။
ယခင်က အရာထမ်း ၁၁၄ ဦးနှင့် အမှုထမ်း ၄၆၃ ဦး စုစုပေါင်း ၅၇၇ ဦး သာရှိခဲ့သော်လည်း
၂၀၁၄ ခုနှစ်၊ မေလမှ စတင်ကာ အရာထမ်း ၂၆၉ ဦး၊ အမှုထမ်း ၈၈၀ ဦး စုစုပေါင်း ၁,၁၄၉ ဦးဖြင့်
၀န်ထမ်းအင်အား ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲများတွင် ဒုတိယညွှန်ကြားရေးမှူးများက ဦးစီးမှူးများအဖြစ်
တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ဒေသအားလုံးတွင် ရုံးခွဲများ တိုးချဲ့ခြင်းဖြင့် သက်ဆိုင်ရာဒေသများတွင် ရှိနေသော အသေးစား
စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပိုပြီးအထောက်အကူပြုနိုင်မည်ဟု ဦးဆွေတင့် က
ပြောသည်။
"အခုချိန်ထိတော့ ဒီအသေးစားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးတာတွေ၊ နည်းပညာ
အထောက်အပ့ံ ပေးတာတွေနဲ့ ပတ်သက်လာရင် ရုံးချုပ်ကနေပဲ အဓိက သွားနေရတယ်။ ရုံးခွဲတွေ
ဖွင့်ပြီးပြီဆိုရင်တော့ ရုံးခွဲတွေကနေ အနီးကပ်ဆောင်ရွက်ပေးနိုင်တာပေါ့" ဟု ၎င်းက
ပြောကြားသည်။
ထို့ပြင် ရုံးခွဲများသည် သက်ဆိုင်ရာဒေသ အတွင်းရှိ လုပ်ငန်းများနှင့်ပိုမိုနီးကပ်စွာ ရှိနေမည်
ဖြစ်သောကြောင့် လုပ်ငန်းများ၏ အခက်အခဲနှင့် အခွင့်အလမ်းများကိုလည်း ပိုမိုသိရှိနိုင်ကာ
ပ့ံပိုးနိုင်မည်ဟု ဆိုသည်။
ရုံးခွဲများသည် ဒေသအလိုက် ရှိနေသော ပုဂ္ဂလိက ပိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းများကို
ဒေသ၏ အဓိကထွက်ကုန်အပေါ် တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် အဆင့်မြင့်ထုတ်လုပ်စေကာ
ပြည်သူများအတွက်လည်း အလုပ်အကိုင်နှင့် ၀င်ငွေတိုးတက်လာစေရန် ဆောင်ရွက်မည်ဟု
ဆိုသည်။
အသေးစား စက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေအရ အသေးစား စက်မှုလက်မှုလုပ်ငန်းများကို
လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ပေးခြင်း နှင့် ၎င်းတို့ကို ဖွံ့ဖြိုးတိုးတက်လာစေရန် အကူအညီ
အထောက်အပ့ံများ ဆောင်ရွက်ပေးရသည့် အထက်ပါ ဦးစီးဌာနသည် မြန်မာနိုင်ငံ လွတ်လပ်ရေး
မရမီကတည်းက အိမ်တွင်းစက်မှုလက်မှုဌာနအဖြစ် တည်ထောင်ခဲ့သည်။
















