အားကစားတက္ကသိုလ် တည်ဆောက်မှု ဒီဇင်ဘာလ ပြီးစီးမည်

အားကစားတက္ကသိုလ် တည်ဆောက်မှု ဒီဇင်ဘာလ ပြီးစီးမည်

နေပြည်တော်၌ တည်ဆောက်လျက်ရှိသော အားကစားတက္ကသိုလ်ကို လာမည့် ဒီဇင်ဘာတွင်
အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အားကစားနည်းပေါင်း ၄၀ ခန့်ကို အားကစားနှင့် ပညာရေး
ပေါင်းစပ်ကာ လေ့ကျင့်သင်ကြားပေးသွားမည်ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးဌေးအောင် က ပြောကြားသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်တွင် တည်ဆောက်နေသည့် အဆိုပါ
တက္ကသိုလ်၌ ကျောင်းသား ၁,၂၀၀ ကျော် လက်ခံသင်ကြားနိုင်မည်ဖြစ်ပြီး တောင်ကြီး၊ မန္တလေး၊
မော်လမြိုင်နှင့် ရန်ကုန် တို့တွင် ဖွင့်လှစ်ထားသည့် အားကစားသိပ္ပံကျောင်းများက
အောင်မြင်လာသည့် ကျောင်းသားများကို ဘွဲ့ကြိုသင်တန်းများအဖြစ် ဆက်လက်လက်ခံသွားမည်
ဖြစ်သည်။

"အရင်ကတည်းက မြန်မာနိုင်ငံမှာ အားကစားနဲ့ ပတ်သက်တဲ့ ဘွဲ့တစ်မျိုးမျိုး ရှိခဲ့သင့်တာပါ။
အခုတော့ ပညာရေးဝန်ကြီးဌာန နဲ့ပူးပေါင်းပြီး စတင်နိုင်တော့မယ်။ ဒီတက္ကသိုလ်ကနေ
အားကစားပညာဘွဲ့ (MSC Sports) ပေးသွားမှာပါ။ အဓိကကတော့ အားကစားသိပ္ပံတွေက
တက်လာတဲ့ ကျောင်းသားလေးတွေကို ရည်ရွယ်ထားသလို အပြင်က တက္ကသိုလ်ဝင်တန်း
အောင်မြင်လာတဲ့ ကျောင်းသားလေးတွေလည်း သတ်မှတ်တဲ့ အရည်အချင်းတွေပြည့်မီရင်
လက်ခံသွားဖို့ရှိပါတယ်"ဟု ဦးဌေးအောင် က ပြောသည်။

အာဆီယံ မိတ်ဖက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင်ပင်
အားကစားပညာတက္ကသိုလ်များ ရှိနေပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မရှိသေးသောကြာင့်
တည်ဆောက်ရခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အားကစားနည်းပြများ မွေးထုတ်ပေးရန်
ရည်ရွယ်ထားသည်။

"ဒါဆိုရင် သူတို့လည်း အလုပ်အကိုင် အခွင့်အလမ်း သာသွားတာပေါ့။ ဒီကပြီးရင် ပြန်ပြီး နည်းပြ
လုပ်လို့လည်း ရပါတယ်" ဟု ဦးဌေးအောင် က ပြောသည်။

တက္ကသိုလ်ကို ဧက ၉၀ ခန့်ရှိ မြေနေရာ အကျယ်အဝန်းတွင် တည်ဆေက်နေခြင်းဖြစ်ပြီး လေးထပ်
အဆောက်အအုံဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းများကို နိုဝင်ဘာလ ၁၄ ရက်ကတည်းက
စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အားကစားသိပ္ပံကျောင်း လေးကျောင်း ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ များရှိ
သိပ္ပံကျောင်းများတွင် ပထမနှစ်အပြင် ဒုတိယနှစ်ကျောင်းသားများကိုပါ လက်ခံ သင်ကြားလျက်
ရှိသည်။

ယခု တည်ဆောက်လျက်ရှိသော တက္ကသိုလ်သည် တစ်ခုတည်းသော အားကစားတက္ကသိုလ်
လည်း ဖြစ်လာမည်ဖြစ်သည်။

နေပြည်တော်၌ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
နှင့် အမျိုးသားကာကွယ်ရေးတက္ကသိုလ်များလည်း ဖွင့်လှစ်ထားပြီး ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး