ရောင်စုံငှက်တို့ လွင်ပြင်ခရီး ပန်းချီပြပွဲ ဆက်ပြသမည်

ရောင်စုံငှက်တို့ လွင်ပြင်ခရီး ပန်းချီပြပွဲ ဆက်ပြသမည်

စုလှိုင်ထွန်း ပျဉ်းမနားမြို့ အခြေခံပညာ အထက်တန်းကျောင်း အမှတ် ၃ ရှေ့ မင်္ဂလာကန်ဘေး၌
ယခုလ ၁၀ ရက်မှ ၁၄ ရက်နေ့ထိ ပြသခဲ့သည့် 'ရောင်စုံငှက်တို့ လွင်ပြင်ခရီး' ပန်းချီပြပွဲကို
မြို့တွင်းရှိ အခြား စာသင်ကျောင်း နှစ်ကျောင်း၌ ဆက်လက်ပြသသွားမည်ဟု သိရသည်။

ကျောင်းနေရွယ် ကလေးငယ်များ၏ အနုပညာစွမ်းရည်များ ပြန်လည်နိုးကြားစေလိုသည့်
ရည်ရွယ်ချက်ဖြင့် အများပြည်သူ လမ်းသွားလမ်းလာများ ကြည့်ရှုနိုင်ရန် ရန်ကုန် - မန္တလေး
လမ်းမကြီးနံဘေးရှိ အဆိုပါနေရာတွင် ပြသခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ပျဉ်းမနားမြို့ အ.ထ.က(၁) စာသင်ကျောင်းတွင်
လည်ကောင်း၊ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့ တွင် အ.လ.က (၂ ခွဲ) ကျောင်းဝင်းထဲတွင်
လည်းကောင်း ဆက်လက်ပြသသွားမည်ဟု 'ရောင်စုံငှက်တို့ လွင်ပြင်ခရီး' ပန်းချီဆရာများ
အဖွဲ့ထံက သိရသည်။

"ရောင်စုံငှက် လွင်ပြင်ငှက်ဆိုတာ လွတ်လပ်တယ်လေ၊ လွင်ပြင်ဆိုတာလည်း ဘာမှမရှိဘူးပေါ့။
ရောင်စုံငှက် ကလေးငယ်လေးတွေရဲ့ စိတ်ကို အဓိကထားပြီး ရောင်စုံငှက်လေးတွေရှိတဲ့
စာသင်ကျောင်းတွေမှာ ပြသမိတာပါ။ ငှက်ကလေးတွေ ဘဝမှာ ပျံတော့မယ်ဆိုရင်
ဒီအနုပညာမှာလည်း ပျံလို့ရတယ်ဆိုတာ သိသွားစေချင်တာကို ရည်ရွယ်ပြီး လုပ်တာပါ"ဟု
ပန်းချီဆရာ ဒေါက်တာ ပေါ်မြင့်ဦး က ပြောသည်။

ပန်းချီပြပွဲကို လမ်းနံဘေး၊ ရေကန်နံဘေးတွင် ပြသခွင့် ရရှိခဲ့သည့်အတွက် မြို့သူ၊ မြို့သားများနှင့်
အတူ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုသည်ကို တွေ့ခဲ့ရသည်။

ပျဉ်းမနားမြို့၏ အထင်ကရဖြစ်သည့် 'မင်္ဂလာရှမ်းကန်' ဘေးပတ်ပတ်လည်တွင် ပန်းချီပြပွဲ
ထပ်မံပြသသွားမည်ဖြစ်ကြောင်း သိရသည်။

"လူနဲ့ ထိတွေ့ဖို့က လူထုကြားထဲဝင်ဖို့ တစ်လမ်းပဲ ရှိတယ်တယ်။ အခန်းတွေထဲမှာ ပန်းချီကားက
မီးပေးရတယ်။ လုံလုံလောက်လောက် မပေးနိုင်တော့ အရောင်ရဲ့ အရသာ မရဘူး။ ဒီမှာကျတော့
အလင်းရောင်အကုန် စေ့စေ့ငင ရတဲ့အခါမှာ ပန်းချီကားက ပင်ကို အရောင်တွေကို ခံစားနိုင်တယ်။
လူထုကြား ထဲမရောက်ဘဲ လူထုက ပန်းချီကို မခံစားနိုင်ဘူး"ဟု ပန်းချီဆရာမ ဒေါ်ခင်ဝင်း က
ဆိုသည်။

"ပထမပွဲကတော့ အောင်အောင်မြင်မြင် ပြီးသွားပြီ။ ရောင်းရဖို့ထက် ပန်းချီကို ခံစားတတ်သူတွေ
မျက်စိခလုတ်တိုက်မိသွားပြီဖြစ်လို့ ကျေနပ်တယ်။ အားလုံးစိတ်ဝင်တစား လာကြည့်လို့
ကြည်နူးကျေနပ်မိတယ်။ လွင်ပြင်ခရီးဆိုတဲ့အတိုင်း ဆက်လျှောက်သွားမယ်"ဟု
ပန်းချီဆရာကိုတာ က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး