နေပြည်တော်ကောင်စီနယ်မြေတွင် သမဝါယမဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်း
ဦးစီးဌာနအောက်ရှိ သုတေသန နှင့် ဖွံ့ဖြိုးရေးဌာနခွဲက စားသောက်ကုန်၊ လူသုံးကုန်နှင့်
အလှကုန်များကို ရှာဖွေဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ရန် သုတေသနနှင့်ဖွံ့ဖြိုးရေး
ဓာတ်ခွဲခန်းတစ်ခန်းကို တည်ဆောက်လျက်ရှိသည်။
အဆိုပါ ဓာတ်ခွဲခန်းကို ၀န်ကြီးရုံးအနီးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး လာမည့်
စက်တင်ဘာလခန့်တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးကာ ဓာတ်ခွဲခြင်း လုပ်ငန်းများ
စတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း အဆိုပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့် က
ပြောကြားသည်။
"အဆောက်အအုံက လာမယ့် မေလလောက်ဆိုရင် ပြီးမယ်။ ပြီးရင် စက်ပစ္စည်းတွေဘာတွေ
တပ်ဆင်ရဦးမယ်ဆိုတော့ လာမယ့် စက်တင်ဘာလမှာ လုပ်ငန်း စတင်လည်ပတ်နိုင်မယ်လို့
မျှော်မှန်းထားပါတယ်"ဟု ၎င်းက ယခုလ ၈ ရက်နေ့တွင် ပြောသည်။
ဓာတ်ခွဲခန်း တည်ဆောက်ပြီးစီးပါက နေပြည်တော်တွင်သာမက နေပြည်တော် နှင့်
လက်လှမ်းမီသော ဒေသများက ကုန်ပစ္စည်းများကိုလည်း ရှာဖွေဓာတ်ခွဲ စစ်ဆေးသွားနိုင်မည်
ဖြစ်သည်။
အထူးသဖြင့် မကွေးတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေပြည်တော်နှင့်
လက်လှမ်းမီရာ မြို့များဖြစ်သည့် ရေတာရှည်၊ တောင်ငူ၊ ပင်လောင်း၊ တောင်တွင်းကြီး စသည့်
မြို့နယ်များက စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်များကိုပါ စစ်ဆေး နိုင်မည်ဖြစ်ကြောင်း
ဦးဆွေတင့် က ပြောကြားသည်။
လက်ရှိတွင် သမဝါယမဝန်ကြီးဌာနသည် ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာ ဓာတ်ခွဲခန်းများ
တည်ဆောက်ထားနိုင်သေးသည်။
ဓာတ်ခွဲခန်းများ၌ သက်ဆိုင်ရာလုပ်ငန်းရှင်များက ထုတ်ကုန်ကို ဈေးကွက်သို့ ဖြန့်ဖြူးရန်အတွက်
ပါ၀င်ပစ္စည်းများကို ဓာတ်ခွဲစစ်ဆေးအဖြေရှာရန် လျှောက်ထားလာသည့် အချိန်တွင်
ဆောင်ရွက်ပေးသကဲ့သို့ ဈေးကွက်အတွင်းက ပစ္စည်းနမူနာများ ရယူပြီး ဓာတ်ခွဲစစ်ဆေးခြင်းများ
လည်း ဆောင်ရွက်ပေးလျက်ရှိသည်။
"ကျွန်တော်တို့ဌာနမှာ အသေးစားစက်မှု လက်မှုလုပ်ငန်းဆိုပြီး မှတ်ပုံတင်ဖို့အတွက် လာရောက်
လျှောက်ထားတဲ့ ကုန်ပစ္စည်းတွေကို ပါ၀င်ဓာတ်ပစ္စည်းတွေအတွက် ဓာတ်ခွဲစစ်ဆေး
အဖြေထုတ်ပေးတယ်။ ပြီးရင် ဈေးကွက်ထဲကနေ နမူနာယူပြီး စစ်တာလည်း ရှိတယ်။ ဒါပေမဲ့
ထုတ်ကုန်တွေမှာ တခြားပစ္စည်းတွေပါနေတာမျိုး၊ လိုအပ်တဲ့ အချိုးအစားထက်ပါ၀င်နေတာမျိုး
တွေ့ရရင်တော့ လုပ်ငန်းရှင်ကို အကြောင်းကြားတယ်။ ဥပဒေမှာလည်း ပြဋ္ဌာန်းမထားတဲ့အတွက်
ဌာနအနေနဲ့ အရေးယူတာမျိုးတော့ မလုပ်ပါဘူး"ဟု ဦးဆွေတင့် က ပြောကြားသည်။
အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ အခြားသော
အကြီးစားလုပ်ငန်းများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများကိုမူ မြန်မာနိုင်ငံ အစားအသောက်နှင့်
ဆေးဝါး အာဏာပိုင်အဖွဲ့က လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
သုတေသနနှင့် ဖွံ့ဖြိုးရေး ဓာတ်ခွဲခန်းများကမူ အသေးစား စက်မှုလက်မှုလုပ်ငန်းများမှ
ထုတ်လုပ်သည့် ဖျော်ရည်မျိုးစုံ၊ ယို/ ဂျယ်လီ၊ လက်ဖက်၊ ငါးပိ၊ ဆီနှင့်ဆီထွက်
စားသောက်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ရေတွင်ပါ၀င်သည့် ဓာတ်ပစ္စည်းများကို
စစ်ဆေးရှာဖွေသကဲ့သို့ အလှကုန် နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း စစ်ဆေးခြင်းများ
ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ မိရိုးဖလာ အစဉ်အဆက် လုပ်ကိုင်လာကြသော အသေးစား
စားသောက်ကုန် လုပ်ငန်းအများစုသည် ဓာတုဗေဒပစ္စည်းများ ထည့်သွင်း အသုံးပြုမှုနှင့်
ပတ်သက်ပြီး နားလည်မှု နည်းပါခြင်းများ ရှိနေသောကြောင်း ၎င်းတို့အား ပညာပေးခြင်း၊
နည်းပညာ လွှဲပြောင်းပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
















