နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ၀န်ထမ်းအိမ်ရာများက အခိုးခံခဲ့ရကာ ပြန်လည် ဖမ်းဆီးရမိခဲ့သည့်
မော်တော်ဆိုင်ကယ် အစီး ၂၀ ကို ပိုင်ရှင်များထံ ဇန်နဝါရီလ ၃၀ ရက်နေ့၌ ပြန်လည်
ပေးအပ်ခဲ့သည်။
အဆိုပါ ဆိုင်ကယ်များသည် ကံ့ကော်၊ ပိတောက်နှင့် ခရေအိမ်ရာတို့က အများဆုံး ခိုးယူခံခဲ့ရခြင်း
ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဆိုင်ကယ်ခိုးမှု စုစုပေါင်း ၆၄ မှုဖြစ်ပွားခဲ့သည့်အနက် ရမည်းသင်း၊
လယ်ဝေးနှင့် ပျဉ်းမနား မြို့နယ်တို့တွင် တရားခံ ခုနစ်ဦးနှင့်အတူ ဆိုင်ကယ် ၄၅ စီးကို ဖော်ထုတ်
ဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် တိုင်ကြားထားမှုနှင့် ပိုင်ရှင်ပေါ်သည့် ဆိုင်ကယ်များကို ပြန်လည်ပေးအပ်ခြင်းဖြစ်ပြီး
ကျန်ရှိသည့် ဆိုင်ကယ်များကိုလည်း ပိုင်ရှင်ပေါ်ပါက ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အကြီးအကဲရဲ့ မူအရ ၀န်ထမ်းတွေ သွားရေးလာရေး ခက်ခဲမှာ
ဖြစ်တဲ့အတွက် အမြန်ဆုံး ပြီးပြတ်အောင် လုပ်ပါတယ်၊ အဲဒီအတွက် တရားရုံးမှာ မထိခိုက်စေတဲ့
အမှုတွေကိုလည်း ဘယ်လို လုပ်ရမလဲဆိုတာ ညှိနှိုင်းပြီးတော့ ပိုင်ရှင်ပေါ်တဲ့ ဆိုင်ကယ်တွေကို
အမြန်ဆုံး ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါတယ်"ဟု နေပြည်တော်ကောင်စီဝင်
ဗိုလ်မှူးကြီးမြင့်အောင်သန်းက ပြောကြားသည်။
၀န်ထမ်းအိမ်ရာများ၌ ခိုးယူမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စာဖြင့်
အကြောင်းကြား ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ လုံခြံုရေးဆောင်ရွက်ထားမှု အခြေအနေများကိုလည်း
နိုင်ငံတော်သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံးများသို့ တင်ပြကာ လိုအပ်သည့် ၀န်ကြီးဌာနအသီးသီးကို
ညွှန်ကြားမှုပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
ဆိုင်ကယ်အပြင် အိမ်ရာများရှိ မီးဖိုချောင်သုံးပစ္စည်းများလည်း ပျောက်ဆုံးလေ့ရှိပြီး ခိုးယူသူများမှာ
ဂိုဏ်းဖွဲ့၍ ခိုးယူသည့် အနေအထားရှိသည်ဟု ၎င်းက ဆိုသည်။
"ခိုးမှုကျူးလွန်တဲ့ သူတွေက တခြားနယ်တွေက ဒီမှာလာပြီး ဆိုင်ကယ်ကယ်ရီ ဆွဲနေတာတွေ
ရှိတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ခိုအောင်းနေပြီးတော့ အခါအခွင့်သင့်ရင်သင့်သလို
ကျူးလွန်ကြပါတယ်" ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင် က ပြောကြားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း လယ်ဝေးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ဆိုင်ကယ်
၁၁ စီးကို ဇမ္ဗူသီရိရှိ ပိုင်ရှင်ဝန်ထမ်းများထံ ပြန်လည်ပေးအပ်ခဲ့သည်။
















