သန်းခေါင်စာရင်း ပင်မဒေတာကို နည်းလမ်းမျိုးစုံဖြင့် ထုတ်ပြန်မည်

သန်းခေါင်စာရင်း ပင်မဒေတာကို နည်းလမ်းမျိုးစုံဖြင့် ထုတ်ပြန်မည်

လာမည့်မေလတွင် ထုတ်ပြန်ရန်ရှိသည့် သန်းခေါင်စာရင်း ပင်မဒေတာအချက်အလက်များကို
ပြည်သူလူထု၊ လူတန်းစား မျိုးစုံထံ ရောက်ရှိနိုင်ရန်အတွက် မီဒီယာနှင့် အွန်လိုင်းအပါအဝင်
နည်းလမ်းများစွာဖြင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ သန်းခေါင်စာရင်းလုပ်ငန်းစဉ်အတွက်
နည်းပညာဆိုင်ရာအကြံပေးအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ Werner Haug ကပြောကြားသည်။

"မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် လူငယ်တွေကို သူတို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ
ပေးနိုင်မလား၊ အစိုးရကရော နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ကပါ ဘယ်လိုနည်းနဲ့ လုပ်ရင်
ပြည်သူလူထုဆီ သတင်းအချက် အလက်ရောက်မလဲဆိုတာကို စဉ်ဆက်မပြတ် ဆွေးနွေးပြီး
လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်တွင် ဖေဖော်ဝါရီလ
၁၁ ရက်က ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ၎င်းက ပြောသည်။

အဆိုပါ ပင်မဒေတာ ထုတ်ပြန်ခြင်းသည် တစ်ရက်တည်း ဆောင်ရွက်ရမည့် ကိစ္စမဟုတ်ဘဲ
စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် မီဒီယာနည်းလမ်းများဖြင့် ထုတ်ပြန်ခြင်း၊
အွန်လိုင်းမှ ထုတ်ပြန်ခြင်း၊ စာရွက်၊ စာအုပ်နှင့် လက်ကမ်းကြော်ငြာကဲ့သို့သော နည်းလမ်းများဖြင့်
လည်း ထုတ်ပြန်သွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဩဂုတ်လက ကနဦး ထုတ်ပြန်ခဲ့သည့်
၅၁ ဒသမ ၄ သန်းနှင့် လာမည့် မေတွင် ထုတ်ပြန်မည့် ပင်မဒေတာတို့ မည်မျှကွာခြားမည်ကို
မပြောနိုင်သေးဟု ၎င်းကပြောသည်။

"ပင်မဒေတာ ထွက်မလာသေးတဲ့အတွက် ဘယ်လောက်ကွာခြားမယ်ဆိုတာ မပြောနိုင်သေးပါဘူး။
ဒါပေမဲ့ တစ်ရာခိုင်နှုန်းအပေါ်မှာ နမူနာကောက်ယူပြီး တွက်ချက်မှုအရလည်းကောင်း၊
ဒီသန်းခေါင်စာရင်း ကောက်ယူတဲ့ လုပ်ငန်းစဉ်အရလည်းကောင်း သိပ်ကွာမယ်လို့ မထင်ပါဘူး" ဟု
၎င်းက ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဒေါက်တာညီညီကလည်း များစွာမကွာခြားနိုင်ဟု ပြောကြားသည်။

"ကွာခြားမှု ဘယ်လောက်ရှိနိုင်လဲ ပြောလို့ မရသေးဘူး။ စာရင်းဇယားတွေက ပြုစုနေဆဲဆိုတော့
အဖြေက မထွက်သေးဘူး။ ဒီအဖွဲ့ (နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့)က ယူလာတဲ့ နမူနာလေး
တစ်ခုကို စမ်းသပ်တွက်ချက်ကြည့်တဲ့အခါမှာတော့ အရင်ရှေ့ပြေးတွက်ချက်ထုတ်ပြန်ထားတဲ့
ဒေတာက တော်တော်လေးမှန်မှန်ကန်ကန်ဖြစ်ခဲ့ပြီး ပင်မထုတ်ပြန်ချက်ကလည်း ရှေ့ပြေး
ထုတ်ပြန်ချက်နဲ့ သိပ်မကွာနိုင်ပါဘူး"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်အတွင်း အိမ်ထောင်စု အရွယ်အစား (မိသားစုဝင်ဦးရေ)
သေးလာခြင်းနှင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာသည်ကို သန်းခေါင်စာရင်းကောက်ယူခဲ့မှုတွင်
တွေ့ရှိခဲ့ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး