နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော်သာ ဖြစ်သည့်အတွက် လက်ရှိတည်ဆောက်ရေး
လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းသင့်ပြီဟု ယခုလ ၁၀ ရက်နေ့က အမျိုးသားလွှတ်တော်
အစည်းအဝေးတွင် ပြောကြားခဲ့သည်။
"နေထိုင်တဲ့သူ အပေါ်မှာပဲ မူတည်ပြီးတော့ မြို့ပြစီမံကိန်းတစ်ခုကို ဆွဲပြီး ဆောင်ရွက်ရမယ့်အစား
မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လမ်း ၂၀ သွားတွေနဲ့ လမ်းတွေတောက်လျှောက် ကွန်ရက်ကြီး
သဖွယ်ဖောက်နေတာတွေလည်း တွေ့ရပါတယ်၊ မြေယာတွေ ဖော်ထုတ်နေတာကိုလည်း
တွေ့ရပါတယ်၊ ဒါပေမဲ့ အဲဒါတွေကို ဘယ်သူတွေက အသုံးပြုမှာလဲ၊ နေပြည်တော်နဲ့
ချိတ်ဆက်နေတဲ့ နေရာတွေကို သွားတဲ့လမ်းတွေ ဖောက်ထားတာဆိုရင် တစ်ခါတစ်ရံမှာ
ကားမပြောနဲ့ ဆိုင်ကယ်တောင် မရှိတဲ့ လမ်းမျိုးတွေလည်း ရှိပါတယ်၊ ဒါကြောင့် နေပြည်တော်မှာ
တည်ဆောက်ရေး လုပ်ငန်းတွေကို ရပ်တန်းက ရပ်သင့်ပါပြီ၊ လုံလောက်မှုရှိပြီလို့
တင်ပြလိုပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
စက်မှုဇုန်များ တည်ထောင်ထားရှိပါကလည်း ဆိပ်ကမ်းနှင့် အလှမ်းဝေးသည့် အတွက်ကြောင့်
တစ်နိုင်တစ်ပိုင် စက်မှုဇုန်များသာ ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များ
၀င်ရောက်ခြေဆန့်နိုင်ရန် မြို့တော်တစ်ခု မဖြစ်လာသေးသည်ကို နေပြည်တော်လေဆိပ်၏
ခရီးစဉ်ဝင်ရောက်မှု အခြေအနေများကို ကြည့်ပြီး တွေ့ရှိနိုင်ကြောင်း ၎င်းကပြောကြားသည်။
"နေပြည်တော်ဟာ သေချာတာ တစ်ခုကတော့ စီးပွားရေးဆိုင်ရာ အချက်အချာမြို့ပြတစ်ခုလည်း
မဟုတ်ပါဘူး၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် အဓိကဦးတည်ခြင်းလည်း
မရှိပါဘူး၊ အုပ်ချုပ်ရေးဆိုင်ရာမြို့တော်ပဲ ဖြစ်ပါတယ်၊ မြို့တစ်မြို့ဟာ မှီတင်းနေထိုင်တဲ့ လူဦးရေကို
မေ့ပျောက်ပစ်လို့ မရပါဘူး၊ စီးပွားရေး အလားအလာ၊ နောက်ပြီး အဲဒီစီးပွားရေး လုပ်ငန်းတွေ
ထူထောင်ဖို့ ကုန်ထုတ်စွမ်းအားနဲ့ လူသားအရင်းအမြစ်၊ ကုန်ကြမ်းအရင်းအမြစ် အနေအထားတွေ
အကုန်လုံးကို ပေါင်းခြံုပြီးတော့မှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
အုပ်ချုပ်ရေးမြို့တော်သာ ဖြစ်သည့်အတွက် အုပ်ချုပ်ရေးအပိုင်း၊ ဥပဒေပြုရေးအပိုင်းနှင့်
တရားစီရင်ရေးအပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသူများပြီး ဒေသခံများမှာမူ မြို့တော်ကို
အရှိန်အဟုန်ဖြင့် တည်ဆောက်နေခြင်းကြောင့် လယ်ယာမြေ အသိမ်းဆည်းခံဘဝနှင့်
ဒုက္ခရောက်နေကြသည်ဟုလည်း ဒေါက်တာမြတ်ဉာဏစိုး က ပြောကြားခဲ့သည်။
၎င်းပြောကြားမှုနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီဝင် ဦးကံချွန်က မြို့ပြစီမံကိန်းအရ
ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ရေမြောင်း၊
မိလ္လာစနစ်၊ အမှိုက်သိမ်းစနစ်နှင့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများဖြစ်သည့်
စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ကစားကွင်း၊ ပန်းခြံ စသည်တို့ကို ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့ရာတွင်
အဓိကကျသော အခြေခံအဆောက်အအုံများမှ အစိတ်အပိုင်းအချို့ကို ဆောင်ရွက်ခဲ့ပြီး
ဖြစ်သော်လည်း အပြီးသတ် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
မြို့ပြဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကကျသော သယ်ယူ ပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊
ယဉ်ကျေးမှု၊ လူမှုစီးပွာဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုမူ အပိုင်း သုံးပိုင်းခွဲကာ ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်နေဆဲသာ ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
နေပြည်တော်ကောင်စီ နယ်မြေအတွက် နေပြည်တော်ကောင်စီက စုစုပေါင်း အသုံးစရိတ်အဖြစ်
ကျပ် ရ၁ ဘီလျံ လျာထားတင်ပြထားကာ နေပြည်တော်စည်ပင်သာယာရေးကော်မတီကလည်း
စုစုပေါင်း အသုံးစရိတ်အဖြစ် ကျပ် ၅၁ ဘီလျံကို နေပြည်တော်ကောင်စီ၏ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်
အတွက် အသုံးစရိတ်များအဖြစ် လျာထားတင်ပြထားသည်။
















