နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် မထသ (အဝေးပြေး)တို့ ပူးပေါင်းကာ 'င' လိုင်စင်ကိုင်
ယာဉ်မောင်းများကို မွမ်းမံသင်တန်းများ ထပ်မံဖွင့်လှစ် သင်ကြားခြင်းနှင့် ဖြေဆိုစေခြင်းများ
ပြုလုပ်လျက်ရှိသည်။
"ယာဉ်မောင်းတွေမှာတော့ 'င'လိုင်စင် ရှိပြီးသားပါ။ ဒါပေမဲ့ ခေတ်မီလာတဲ့စက် ပစ္စည်းတွေနဲ့အတူ
ကိုယ်တွေကလည်း လေ့လာမှုတွေ စဉ်ဆက်မပြတ် လုပ်နိုင်စေဖို့ ဒီလိုလုပ်ပေးတာပါ။
အသိအမှတ်ပြု လက်မှတ်ရအောင်လည်း ကုန်းလမ်း ပို့ဆောင်ရေးနဲ့ ပူးပေါင်းပြီးလုပ်ပေးပါတယ်။
ယာဉ်မောင်းတွေကို လက်တွေ့ မောင်းတွေလည်း ကျန်ပါသေးတယ်။ စာတွေ့၊ လက်တွေ့တွေနဲ့
အောင်မြင်မှုကတော့ နည်းနေပါသေးတယ်။ ယာဉ်မောင်း အများစုက ဘွဲ့ရ၊ ပညာတတ်
ရာခိုင်နှုန်းက အလွန်နည်းတဲ့အတွက်လည်း ပါပါတယ်" ဟု နေပြည်တော် မထသ (အဝေးပြေး)
ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောသည်။
'င'လိုင်စင်ရှိ ယာဉ်မောင်းဦးရေ ၁၂၄ ဦးအနက် မွမ်းမံသင်တန်း၌ လက်ရှိအချိန် အထိအောင်မြင်သူ
၂၇ ဦးသာရှိသည်ဟု ကုန်းလမ်းပို့ဆောင်ရေးမှ သိရသည်။
"ယာဉ်မောင်းကြောင့် ယာဉ်တိုက်မှုတွေက ရာခိုင်နှုန်းအများဆုံး ဖြစ်နေပါတယ်။ သေဆုံးမှု
မှာလည်း လူငယ်၊ လူရွယ်တွေက အများဆုံးဖြစ်နေလို့ နိုင်ငံရဲ့ ဂျီဒီပီတွေလည်း ဆုံးရှုံးရပါတယ်။
ယာဉ်မောင်းတွေရဲ့ လက်ထဲမှာ မိသားစုပေါင်း မြောက်မြားစွာရဲ့ အသက်တွေအပ်ထားလို့
ဂရုထားပြီးမောင်းဖို့ အရေးကြီးပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)မှ
ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှု၊ သေဆုံးမှုများသည် လွန်ခဲ့သော ၁၀ နှစ်ကထက် သုံးဆခန့်
မြင့်တက်နေကြောင်း ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ်က ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၄,၃၁၃ ဦးရှိ ခဲ့သည်။
"ယာဉ်တိုက်မှုတွေကို ကြည့်မယ်ဆိုရင် ယာဉ်မောင်းကြောင့်လည်း အများဆုံးဖြစ်သလို၊
လမ်းအသုံးပြုသူတွေ အခြားတွေကြောင့်လည်းပါတယ်။ ဒါတွေအတွက် ယာဉ်အန္တရာယ်
အသိပညာပေးတွေလည်း လုပ်ရမယ်။ ယာဉ်မောင်းတွေကိုလည်း မွမ်းမံသင်တန်းတွေ၊
စစ်ဆေးရေးတွေ စဉ်ဆက်မပြတ် လုပ်ရမယ်။ ယာဉ်မောင်းတွေမှာလည်း ယာဉ်နဲ့
ပတ်သက်တာတွေ ကင်းကွာတာနဲ့အမျှ မေ့တတ်တယ်။ ဒါကြောင့် ဒီလိုသင်တန်းတွေနဲ့
ယာဉ်မောင်းတွေရဲ့ အသိကို မြှင့်ပေးပြီး ယာဉ်တိုက်မှုတွေ လျော့အောင် လုပ်ရမှာပါ"ဟု
နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ရဲမှူး ဦးမျိုးညွှန့်ဦး (အငြိမ်းစား)က ပြောသည်။
















