ကျောက်မျက်အခွန်ကို ဌာနတစ်ခုတည်းက ကောက်ခံပေးရန်အတွက် တင်ပြထား

ကျောက်မျက်အခွန်ကို ဌာနတစ်ခုတည်းက ကောက်ခံပေးရန်အတွက် တင်ပြထား

ကျောက်မျက် လုပ်ငန်းရှင်များအပေါ် အစိုးရဌာန တစ်ခုတည်းကသာ ငွေကြေးကောက်ခံပေးရန်
ကျောက်မျက်အသင်းက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးနှင့်
အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများ စိစစ်ရေး ပူးပေါင်းကော်မတီနှင့် သတ္တုတွင်းဝန်ကြီးဌာန
ထံသို့ ပြီးခဲ့သည့် ရက်သတ္တပတ်က တင်ပြတောင်းဆိုခဲ့ကြောင်း ကျောက်မျက်အသင်းဥက္ကဋ္ဌ
ဦးရုံးမူက ပြောသည်။

"ဘဏ္ဍာရေးဝန်ကြီးဌာနပဲဖြစ်ဖြစ်၊ သတ္တုတွင်းဝန်ကြီးဌာနပဲဖြစ်ဖြစ် ဘယ်ကိုသွင်းသွင်း
အစိုးရထံ ရောက်ဖို့ပဲဆိုတော့ ဌာနတစ်ခုတည်းကပဲ ကောက်ခံရင် မဖြစ်ဘူးလားပေါ့နော်။
အဲဒါကိုလည်း တင်ပြခဲ့တာ။ သတ္တုတွင်း ၀န်ကြီးဌာနနဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်။
အားလုံးအဆင်ပြေခဲ့ပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဆွေးနွေးမှုတွေကို သက်ဆိုင်ရာဘက်ကလည်း လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်။
အခုဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဌာနကနေ ပြည်ထောင်စု လွှတ်တော်မှာ
၁၀ ရာခိုင်နှုန်းလား၊ ၁၅ ရာခိုင်နှုန်းလားဆိုတာ ကောက်ခံမယ့်နှုန်းထားကို သေသေချာချာ
ချမှတ်ပြီးပြီဆိုတာနဲ့ သတ္တုတွင်းဝန်ကြီးဌာနဘက်က ကောက်ခံမှုကို ဖြုတ်ပေးမယ်ဆိုပြီး
ကတိပေးခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် တင်ပြခဲ့သည့် ၂၀၁၅ ခုနှစ်အတွက် ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေကြမ်းအရ ကျောက်မျက်လုပ်ငန်းရှင်များသည် ကျောက်မျက် တစ်ပွင့်
ထွက်သည့်အခါတွင် တွင်းဝခွန်အဖြစ် သတ္တုတွင်းဝန်ကြီးဌာနသို့ ကျောက်ရိုင်း အကြမ်းဖျင်း
တန်ဖိုးဖြတ်ချက်မှ ၂၀ ရာခိုင်နှုန်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ကျောက်မျက် တူးဖော်သူများ
သဘောတူညီချက်အရ နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းဟုဆိုကာ
ကျောက်မျက်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို သတ္တုတွင်းဝန်ကြီးဌာနသို့ အပ်နှံရပြီး နိုင်ငံခြားငွေဖြင့်
ရောင်းချလိုခြင်း အတွက်လည်း ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့သည်။

ယခုအခါ ကုန်သွယ်ခွန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဌာနသို့
၁၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဟု ပါရှိရာ ၎င်းတို့အတွက် အဆင်မပြေမှုများ ဖြစ်လာနိုင်ကြောင်း
ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

"စီးပွားရေး ကောင်းလာတဲ့အချိန် ဈေးကွက် အနေအထားကောင်းတဲ့ အချိန်ရောက်တဲ့
အခါမှာတော့ ၁၃ ရာခိုင်နှုန်းဖြစ်ဖြစ် ၁၅ ရာခိုင်နှုန်းဖြစ်ဖြစ် အခွန်တက်တာက ပြဿနာမရှိပေမယ့်
ဒီလို စီးပွားရေးကျဆင်းနေတဲ့ အနေအထားမှာတော့ မတိုးမြှင့်သင့်သေးပါဘူး။ အစိုးရကလည်း
ပွင့်လင်းမြင်သာမှုကို သွားနေတဲ့ကာလဖြစ်တော့ သင့်မသင့်ကို နားစွင့်နေတာဖြစ်တဲ့အတွက်
ကျွန်တော်တို့ တင်ပြတဲ့ အခက်အခဲအပေါ်မှာ လက်ခံလိမ့်မယ်လို့ ယုံကြည်မိပါတယ်"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး