အစိုးရ ၀န်ကြီးဌာနများအချင်းချင်းနှင့် နိုင်ငံ တော်စီမံကိန်းများကိုသာ ရောင်းချပေးသော
အစိုးရစက်သုံးဆီ ဈေးနှုန်းများကို ဧပြီလ ၃ ရက်နေ့မှစတင်ပြီ ဈေးနှုန်းလျှော့ချရောင်းပေးလျက်
ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးဖေဇင်ထွန်းက
မီဒီယာများသို့ ပြောကြားသည်။
"ဒီနေ့ကစပြီး ကျွန်တော်တို့ဝန်ကြီးဌာနက ဖြန့်ဖြူးရောင်းချပေးနေတဲ့ ဓာတ်ဆီ၊ ဒီဇယ် ဆီတွေကို
ဈေးနှုန်းပြောင်းလဲပြီးတော့ ရောင်းချပေးမှာဖြစ်ပါတယ်။ ဓာတ်ဆီက ကျပ် ၂,၉၀၀ တစ်ဂါလန်ကို၊
ဒီဇယ်ဆီက ကျပ် ၃,၀၀၀၊ ၉၂ အောက်တိန်းဆီက ကျပ် ၃,၀၀၀ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်"ဟု
အဆိုပါ၀န်ကြီးဌာနမှ ဧပြီ ၃ ရက်နေ့တွင် ပြုလုပ် ခဲ့သော သတင်းထုတ်ပြန်ရေး အခမ်းအနား တွင်
၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စက်သုံးဆီများအတွက် ယခင် ရောင်းဈေးနှုန်းများမှာ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃,၅၀၀၊
ဓာတ်ဆီ နှင့် ၉၂ အောက်တိန်းဆီ တစ်ဂါလန်လျှင် ကျပ် ၃,၃၅၀ ဖြစ်ကြောင်း ၄င်းက ဆက်
လက်ပြောကြားသည်။ သို့သော် လည်း အဆိုပါဈေးနှုန်းများကို ပြင်ပတွင်ဖြစ် ပေါ်နေသော
လစဉ်ကာလပေါက်ဈေးအရ ပြန်လည်သုံးသပ်ကာ ထိန်းညှိရောင်းချပေးသွားမည်ဖြစ်သည်။
အစိုးရဝန်ကြီးဌာနများ အချင်းချင်းနှင့် နိုင်ငံတော် စီမံကိန်းများအတွက်ကိုသာ သီးသန့်ရောင်းချသော
အဆိုပါဈေးကွက် သည် ပြည်သူများအကြား စိတ်ဝင်စားမှု နည်းပါးကြောင်း နေပြည်တော်ပျဉ်းမနားမြို့မှ
စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ ဦးမိုးဇော်က ပြောကြားသည်။ "အပြင်ကပေါက်ဈေးက ၀န်ကြီးဌာနပေါက်ဈေး
ထက်တောင် နိမ့်နေ သေးတယ်။ အဲ့ဒါကြောင့် ဒီသတင်းကို ဘယ်လို ပြည်သူတွေက
စိတ်ဝင်စားမှာလဲ" ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူ များကို အရည်အသွေးမှန်သော၊ ဈေးနှုန်း မှန်ကန်သော၊
အချိန်အတွယ်မှန်ကန်သော စက်သုံးဆီများ ၀ယ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ကာ ပြည်ပမှအတွေ့အကြုံရှိ
ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူပူးပေါင်းပြီး ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ၀င်ရောက်
ယှဉ်ပြိုင် ရန်လည်း စီစဉ်လျက်ရှိသည်။
"ပြည်သူတွေ ဈေးသက်သာစွာရရှိရေး၊ ပစ္စည်းမှန်ကန်ရေး၊ ဒီဟာတွေအတွက် ယှဉ်ပြိုင်တဲ့သူရှိမှ
ဈေးကျနိုင်မှာ။ အဲဒီလိုယှဉ် ပြိုင်နိုင်ဖို့ကလည်း စိတ်ဝင်စားတဲ့နိုင်ငံခြား ကုမ္ပဏီတွေကို
ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာ အရည်အသွေးကောင်း
မွန်တဲ့ စက်သုံးဆီ၊ အချိန်အတွယ်ပြည့်တဲ့ စက်သုံးဆီ၊ ဈေးနှုန်း သက်သာတဲ့ စက်သုံးဆီများကို
အမ်ပီတီအေ (ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချသူများအသင်း)နဲ့ ယှဉ်ပြိုင်ရောင်းချပြီး ဈေးနှုန်းကိုကျဆင်း အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အကြောင်း
အသိပေးလိုက်ပါတယ်" ဟု ဦးဖေ ဇင်ထွန်းက ပြောကြားခဲ့သည်။
သို့သော်လည်း ဌာနအချင်းချင်းနေ့စဉ် ရောင်းချနေသည့် စက်သုံးဆီပမာဏနှင့် နိုင်ငံ
တော်အတွက် အရန်လောင်စာဆီအဖြစ် သိုလှောင်ထားရှိသော ပမာဏတို့ကိုမူ မေး
မြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။
















